Pages

Sunday, December 26, 2010

ပုံပြင်မဟုတ်ပါ

“အရာရှိဖြစ်ရတာလည်းမနိပ်ပါဘူးဗျာ… ရဲဘော်ဘဝတုန်းကမှ အဆင်ပြေသေးတယ်။”
“ဘာဖြစ်လို့လဲဗိုလ်ကြီးရ …”
“ဘာဖြစ်ရမတုံး……ရဲဘော်ဘဝမှာတုန်းက ကျနော့်မိန်းမက တပ်ထဲမှာ အသုပ်စုံရောင်း တယ်။ ရတဲ့အမြတ်အစွန်းလေးနဲ့ အပိုမစုမိပေမဲ့ ဆွဲရေး (စားရေးသောက်ရေး) အဆင် ပြေတယ်။ ကလေးကျောင်းစရိတ်လည်း သိပ်မပူရဘူး။ ခုတော့ဗျာ… အရာရှိကတော် ဖြစ်နေတော့ အရင်ကလို အသုပ်ရောင်းလို့လည်း မသင်တော်ဘူး။ ရိပ်သာက အခြားအ ရာရှိကတော်တွေကြားမှာ မျက်နှာငယ်ရတယ်။ အဆင်မပြေတာကို ဒီအတိုင်းပဲ ကြိတ် မှိတ် နေရတယ်ဗျာ။”
ဒီလိုဒီလိုမျိုးမကြာခဏ ညည်းတွားပြောဆိုတတ်သူကတော့ တပ်မတော် (ရေ) အရာရှိ တဦး ဖြစ်တဲ့ ဗိုလ်ကြီးမျိုးသန်း (ရေ/ ၃၉၁၆) ဖြစ်ပါတယ်။ သူနဲ့ ကျနော် အရင်က မသိ ကျွမ်းဖူးခဲ့ပါ။ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုကို သူပြောင်းရွှေ့ရောက်ရှိလာတဲ့နောက် ပိုင်းမှာ သန်လျင်ဘက်ကိုသွားဖို့ ဘတ်စ်ကားစောင့်ရင်း မကြာခဏဆုံတွေ့ဖြစ်ရာက ရင်း နှီးလာတာပါ။ ရေတပ်မှာ ကြိုပို့ယာဉ်အလုံ အလောက်မရှိတာမို့ အောက်ခြေအရာရှိများ နဲ့ စစ်သည်အများစုဟာ လိုင်းကားစီးပြီး ရုံးတက်ရပါတယ်။
အဲဒီထဲမှာ ကိုယ်ပိုင်ကားမရှိတဲ့ ဗိုလ်မှူးအချို့လည်း ပါဝင်ပါတယ်။ တခါတရံ လိုင်းကား အဆက်ပြတ်တဲ့ အခါမျိုးမှာ ကျနော်တို့ နီးစပ်ရာလက်ဘက်ရည်ဆိုင် ထိုင်တတ်ကြပါ တယ်။ အဲဒီအခါမျိုးမှာ သူ့အကြောင်း ကိုယ့်အကြောင်း စပ်မိလို့ ပြောဖြစ်ကြတာတွေ ရှိ ပါတယ်။ လက်ဘက်ရည်သောက်တဲ့ အကြိမ်အများစုမှာ ကျသင့်ငွေကို ဗိုလ်ကြီး မျိုးသန်း က ဒိုင်ခံရှင်းပေး တတ်ပါတယ်။ အခြားသူကရှင်းပေးတာကို မလိုလားပါဘူး။
ကျနော်တို့ရေတပ်မှာ အချင်းချင်း understood ဖြစ်နေတဲ့ ထုံးစံတခု ရှိပါတယ်။ အဲဒါက လမ်းကြုံလို့ လက်ဘက်ရည်အတူသောက်ကြတဲ့အခါ ရာထူးကြီးသူက ကျသင့်ငွေ ကို ရှင်းပေးတတ်တဲ့ အလေ့အထပါ။ (သို့ပေမဲ့ ထုံးစံ မလိုက်နာသူ အချို့လည်း ရှိပါသေး တယ်)
ဗိုလ်ကြီးမျိုးသန်း ဟာ ရေငုပ်စစ်သည် ဘဝက အရာရှိဖြစ်လာသူပါ။ ၁၉၉၄-လောက်မှာ ခေတ်မီတပ်မတော်တရပ် ထူထောင်ဖို့ ရည်မှန်းချက်နှင့်အတူ (ကြည်း/ ရေ / လေ) တပ် ဖွဲ့စည်းပုံကို တိုးချဲ့လုပ်ဆောင်ပါတယ်။ အဲဒီအခါမှာ အရာရှိအင်အားပြည့်မီရေးအတွက် ရေတပ်ဗိုလ်လောင်း သင်တန်းဖြေဆိုခွင့် သတ်မှတ်ချက်ကို ယာယီလျှော့ချလိုက်ပါ တယ်။ ယခင်က သိပ္ပံဘွဲ့ (သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ) နဲ့ ဝိဇ္ဇာဘွဲ့(ဥပဒေ) ရရှိပြီး အ သက် (၃ဝ) နှစ်အောက် စစ်သည်များသာ ဗိုလ်လောင်းသင်တန်း လျှောက်ခွင့်ရခဲ့ ပေမဲ့ ယာယီပြင်ဆင်ချက် အရ အသက် (၃၅) နှစ် အောက်ဘွဲ့ရပြီးသူအားလုံး ဗိုလ်သင်တန်း လျှောက်ခွင့် ရလာပါတယ်။
အထက်ပါစီမံချက်နဲ့အတူ ရဲဘော်မျိုးသန်း လည်း ဗိုလ်ကြီးမျိုးသန်းဖြစ်လာပါတယ်။ သို့ သော် ဗိုလ်မှူးမျိုးသန်း တော့ ဖြစ်ခွင့်မရှိပါ။ နဝတအစိုးရ လက်ထပ်မှာ ရဲဘော်ဘဝမှ အ ရာရှိဖြစ်လာသူတွေကို စစ်ရေယာဉ်မှူးငယ်သင်တန်း တက်ခွင့်မပြုတော့လို့ အဲဒီအရာရှိ တွေဟာ ဗိုလ်ကြီးဘဝမှာပဲ ကျောက်ချရပ်နားလိုက်ကြရပါတယ်။
တနေ့မနက်မှာတော့ ကားစောင့်နေတုန်း အံ့သြစရာ သတင်းတခုကို ကျနော် ကြားလိုက် ရ ပါတယ်။ လက်နက်ရောင်းဝယ်မှုနဲ့ ဗိုလ်ကြီးမျိုးသန်း အဖမ်းခံလိုက်ရပြီတဲ့။ စိတ်လှုပ် ရှားအံ့အားသင့်သွားရတဲ့အပြင် ကြားရတဲ့သတင်း ဖြစ်နိုင်ချေရှိမရှိ ဆက်စပ်စဉ်းစားမိပါ တယ်။ ဗိုလ်ကြီးမျိုးသန်းဟာ အနေအထိုင်အေးဆေးတည်ငြိမ်ပြီး သူတပါးအပေါ် စာနာ စိတ်ထားရှိသူတဦး ဖြစ်ပါတယ်။ ပိုပြီးထူးဆန်းတာက သူ့မှာ သေနက်တလက် ပိုင်ဆိုင် တယ် ဆိုတဲ့ကိစ္စပါ။ နောက်တော့မှ ဟိုတစဒီတစနဲ့ အကြောင်းစုံကို သိရပါတော့တယ်။
ပစ္စတိုသေနက် တလက်ကို ငွေကျပ်သိန်း (၅ဝ) နဲ့ ရောင်းဖို့ရှိတယ်လို့ ဗိုလ်ကြီးမျိုးသန်း က အရပ်သားတဦးကို ကမ်းလှမ်းတဲ့အခါ အဲဒီအရပ်သားက စံပြဈေးအနီးမှာရှိတဲ့ စား သောက်ဆိုင်တခုမှာတွေ့ဆုံဖို့ ချိန်းပါတယ်။ ချိန်းဆို ထားတဲ့နေရာမှာ အရောင်းအဝယ် ကိစ္စပြောဆိုနေစဉ် ရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ဖမ်းပါတယ်။
နောက်တော့ ထောက်လှမ်းရေး (၂၆) ကို လွှဲပေးလိုက်ပြီး ဗိုလ်ကြီးမျိုးသန်း က ဟုတ်မှန်း ကြောင်းဝန်ခံကာ သေနတ်ထည့်ထားတဲ့ သေတ္တာသော့ကို ထောက်လှမ်းရေး အရာရှိထံ အပ်နှံလိုက်ပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အချို့ အဏ္ဏဝါ အရာရှိရိပ်သာမှာရှိတဲ့ ဗိုလ်ကြီးမျိုးသန်း ရဲ့ အခန်းကို ရောက်ရှိသွားတဲ့အခါ ဗိုလ်ကြီးမျိုးသန်းရဲ့ ဇနီးက အခန်း တံခါးဝမှာရပ်နေတဲ့ သူစိမ်းတွေကို အတန်ကြာအောင် ငေးကြည့်နေပြီးမှသမီးဖြစ်သူကို ဖျာတချပ်ခင်းစေကာ ဧည့်သည်တွေကို ထိုင်ဖို့ ပြောရပါတယ်။
အထင်နဲ့အမြင် တက်တက်စင်လွဲ နေပြီဖြစ်တဲ့ အိမ်ခန်းအဆင်အပြင်ကို တွေ့ရတော့ ထောက်လှမ်းရေးတွေလည်း စိတ်မကောင်းနိုင်ကြတော့ပါ။
အခန်းထဲမှာ အရာရှိအဆောင် အယောင်ဆိုလို့ တန်းမှာချိတ်ထားတဲ့ ယူနီဖောင်းတစုံက လွဲပြီး ဆက်တီမရှိ၊ အပေါ်စက်အောက်စက်မရှိ၊ ရေခဲသေတ္တာမရှိ၊ အဝတ်အစား ကောင်း ကောင်းမရှိ ယုတ်စွအဆုံး ဆန်ပုံးထဲမှာ ဆန်အလုံအလောက် မရှိ။ ထောက်လှမ်းရေး အ ရာရှိက အိမ်ရှင်ထံခွင့်ပန်ပြီး “ဒုဗိုလ်မျိုးသန်း (ရေ-၃၈၁၆)” လို့ စာရေးထားတဲ့ ထင်းရှူး သေတ္တာကို ဖွင့်လိုက်တဲ့အခါ ယူနီဖောင်းအသစ်တစုံနှင့် အရပ်ဝတ်နှစ်စုံခေါက်ပြီး ထည့် ထားတာကို တွေ့လိုက်ရပါတယ်။ အဝတ်တွေရဲ့အောက်မှာတော့ ပလပ်စတနဲ့ အသေအ ချာထုပ်ထားတဲ့ ပစ္စတိုသေနတ်တလက်ကနေ ရာယူထားပါတယ်။
အဲဒီသေတ္တာရဲ့သော့ကို ဗိုလ်ကြီးမျိုးသန်း က အမြဲသိမ်းထားပြီး ဇနီးဖြစ်သူကိုလည်း သေတ္တာသန့်ရှင်းရေးလုပ်ခွင့် မပြုပါ။ ဇနီးသည်လည်း သူတလျှောက်လုံး သံသယဖြစ်နေ ခဲ့တဲ့ သေတ္တာရဲ့လျှို့ဝှက်ချက်နဲ့ ပတ်သတ်ပြီး ဇာတ်ရည်လည် သွားပါတော့တယ်။
အမှုကိစ္စဆက်လက်ဆောင်ရွက်ဖို့ ထောက်လှမ်းရေးတပ်မှူးနဲ့ ဗျူဟာ စစ်ရေယာဉ်စုမှူး ဗိုလ်မှူးကြီး သက်တင်လှိုင် တို့ ဆွေးနွေးပြီး ညတွင်းချင်း အစီရင်ခံစာ တင်ပါတယ်။ တပ် မတော်သားချင်း ကိုယ်ချင်းစာ၍ ထင်ပါရဲ့ထောက်လှမ်းရေး အစီရင်ခံစာထဲမှာ ဗိုလ်ကြီး မျိုးသန်း ထံမှ သိမ်းဆီးရမိသော သေနတ်အကြောင်းကို ချန်လှပ်ကာ လိမ်လည်ကြံစည် မှုအဖြစ်သာ တင်ပြထားပါတယ်။
အမှုပေါ့စေရန် ဖြစ်ပါတယ်။ သို့သော် အမှုဖြစ်စဉ်ကို သိရှိသွားတဲ့ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်စိုးသိန်းက အမှုဖြစ်စဉ်မှန်ကို ပြန်လည်တင်ပြရန် တောင်းဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်စိုးသိန်း ကိုယ်တိုင်လည်း တပ်မှုးဘဝမှာတုန်းက တပ်ရင်းကင်းမှ သေနတ်တ လက် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး တရားမဝင်အစားထိုး ဖြေရှင်းနိုင်ခဲ့လို့သာ ဗိုလ်ချုပ်အ ဆင့်ထိ ရာထူးမြဲခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ကြီးမျိုးသန်း သင်တန်းသား အရာရှိဘဝမှာ စစ်ရေယာဉ်- ၅၅၂ ၏ ပဲ့စင်အရာရှိငယ် အဖြစ်နဲ့ ပင်လယ်ပြင် လုံခြုံရေးတာဝန် ထမ်းဆောင်ရပါတယ်။ အဲဒီမှာ တရားမဝင် ထိုင်း ငါးဖမ်းလှေများကို ဖမ်းဆီးရင်း ငါးဖမ်းလှေတစီးပေါ်မှ ပစ္စတိုသေနတ်တလက်ကို အမှတ် မထင် ရရှိလိုက်ပါတယ်။
သူက သေနတ်ကို စစ်ရေယာဉ်မှူးထံ မအပ်ဘဲ သိမ်းထားလိုက်ပါတယ်။ နှစ်ပေါင်းများစွာ တယုတယ သိမ်းထားပြီးမှ မိသားစုဝမ်းရေး အခက်အခဲနဲ့ သားသမီး ပညာရေးအတွက် လုပ်မိလုပ်ရာ လုပ်လိုက်ပုံ ရပါတယ်။ အဲဒီအချိန်မှာ သူ့သမီးအကြီးဆုံးက အင်္ဂလိပ်စာ အဓိကနဲ့ တက္ကသိုလ် တက်နေပါတယ်။
နောက်ဆုံးမှာတော့ ဗိုလ်ကြီးမျိုးသန်း ထောင်တနှစ်ခွဲ ကျသွားပါတယ်။ မူလပြစ်ဒဏ်က ထောင် ငါးနှစ်ဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့် အမိန့်နဲ့ တနှစ်ခွဲ ဖြစ်သွားတာလို့ သိရပါတယ်။
အမှုနဲ့ပတ်သတ်ပြီး မှန်တယ်မှားတယ် တရားတယ် မတရားဘူး စသည်ဖြင့် ပြောဆိုမှု တွေ သိပ်မကြားရပေမဲ့  မိသားစုချင်းကိုယ်ချင်းစာနာပြီး စိတ်မကောင်း ဖြစ်ကြရပါတယ်။
သူ့ရဲ့လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေတချို့က သူ့မိသားစုကို တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီ ထောက်ပံ့ကြပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေကလည်း ထောက်ပံ့တယ် လို့ သိရပါတယ်။
အမှန်တကယ်တော့ တပ်မတော်သားဆိုတာ နိုင်ငံ့ဝန်ထမ်းတွေပါပဲ။ နောက်ခံအလွှာ အ သီးသီးကနေ အကြောင်းအမျိုးမျိုးနဲ့ တပ်ထဲကို ရောက်လာကြတာပါ အခြားအရပ်ဖက် ဝန်ထမ်းတွေနဲ့ မတူတာက တပ်ထဲကို အဝင်လွယ်ပြီး အထွက်ခက်တဲ့ ကိစ္စပါ။ တပ်မ တော်သား အများစုဟာ လူ့ဂုဏ်သိက္ခာတရားနှင့်အညီ နေထိုင်လိုကြပါတယ်။
ဒါပေမဲ့ ပြောမယုံကြုံဖူးမှသိဆိုသလို ဘဝတွေက ကြမ်းတမ်းခက်ထန်လှပါတယ်။ တပ် မိ သားစုတွေကို ထုတ်ပေးတဲ့ရိက္ခာဟာ ဒုက္ခသည်စခန်းမှာပေးတဲ့ ရိက္ခာရဲ့ ငါးပုံတပုံ လောက်ကောင်းမွန်မယ်ဆိုရင် စစ်သည်တွေ အတော်ဝမ်းသာရမှာပါ။ မိသားစု စားဝတ် နေရေး မပြေလည်ပေမဲ့ နှုတ်ထွက်ခွင့်လည်းမရ တပ်ကထွက်ပြေးရင်လည်း ရာဇဝတ်မှု ကျုးလွန်မိသလို ထောင်ဒဏ်ကျခံရမှာဖြစ်တာကြောင့် မိသားစုအသိုင်းအဝိုင်း မျက်နှာ ကိုထောက်ထားပြီး အခက်အခဲတွေကို ကျိတ်မှိတ်ခံနေသူတွေ အများစုရှိနေဆဲ ဖြစ်ပါ တယ်။
အဲဒီတော့ မိသားစုဝမ်းရေးအတွက် ဆိုက်ကားနင်း၊ ညစောင့်လုပ်၊ ချဲထီရောင်း၊ လူမှောင် ခိုလုပ် စတဲ့နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းနေကြရပါတယ်။
အတ္တကိုဗဟိုပြုလွန်းတဲ့ အာဏာရှင်စနစ်မှာ အကျိုးအမြတ်ခံစားခွင့်ဆိုတာ ဗိုလ်မှူးကြီး အဆင့်ကနေ အထက်မှာပဲ စုပြုံနေတာပါ။ အောက်ခြေက လူအများစုအတွက်တော့ လူ တန်းစေ့နေထိုင်ရေးနဲ့ လူ့ဂုဏ်သိက္ခာ တရားဆိုတာ ပြောင်းပြန်အချိုးကျနေပါတယ်။ ဒီ လိုဖြစ်အောင် အာဏာရှင်ကြီးတွေက တမင်ဖန်တီးထားတာပါ။ ရဲဘော်တွေရဲ့ဘဝဟာ တုံးအောက်က ဖား ဆိုတော့လည်း ပြားနေ အောင်ခံရတာပေါ့။
ဒါပေမဲ့ အထက်မှာ ဆိုခဲ့သလို တပ်မတော်သားအများစုဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အမှောင်ထု အတွင်းကနေ တဦးချင်းလည်း ရုန်းမထွက်နိုင်။ အားလုံး လွတ်မြောက်ရေး အတွက် ထွက်ပေါက်ကိုလည်း မမြင်နိုင်ကြရှာသေးဘဲ အာဏာရှင် ဝန်ထုပ်ဝန်ပိုးကြီးကို မနိုင်မနင်းထမ်းကာ နေဝင်ရာအရပ်ဆီကို တရွေ့ရွေ့ လျှောက်လှမ်းနေကြတုန်း ဆိုလေ တော့ …။

တပ်ကြပ်ကြီး – နေမင်းသူ


(  နေ့သစ်မီဒီယာ http://www.naytthit.net/  ကနေကူးယူပြီးတင်ထားတာပါခင်ဗျ။ )

Friday, December 24, 2010

ပြောချင်သမျှဟိုတစ်စဒီတစ်စ

အကိုရေ
          ကျနော်လည်းလူငယ်ဆိုပေမယ့် သိပ်မငယ်တော့ပါဘူး ။ ပြီးတော့ အကို့ လိုပဲ တောင်သူလယ်သမား မျိုးရိုးကပဲဆင်းသက်လာတာပါ။
                   ၁၉၈၈ ပြည်လုံးကျွတ် အရေးတော်ပုံ ဖြစ်တော့ ကျနော် ခြောက် တန်းပါ။
 ကျနော်တို့မြို့မှာ ဩဂုတ်လ ကိုး ရက်နေ့မှ စပြီး ဆန္ဒပြကြတာပါ။ ကျနော်တို့ကျောင်းက ကျောင်းသားဦးရေနည်းတဲ့ မြို့စွန်နားက
ကျောင်းဆိုတော့ ဘာမှရုတ်ရုတ်သည်းသည်း မဖြစ်ခဲ့ပါဘူး။ ဆရာ ၊ဆရာမ တွေ ကင်းစောင့်သလိုမျိုး စာသင်ဆောင်တွေရဲ့ စင်္ကြန်လမ်း
တစ်လျှောက် ခေါက်တုန့်ခေါက်ပြန် လျှောက်နေကြတာပဲရှိပါတယ်။ ကျနော်တို့ အတန်းပိုင်ဆရာမ ကလည်း ကျနော်တို့ကိုအပြင်လုံးဝ
ထွက်မလာဖို့ ပြောထားလို့ ကျောင်းအကန့်အသတ်မရှိပိတ်လိုက်ပြီလို့ ဆရာမ ပြန်လာပြောတဲ့ နေ့လယ်တစ်နာရီလောက် အထိ အတန်းထဲ
မှာပဲ ငုတ်တုတ်ထိုင်ခဲ့ကြတာပါ။ မြို့လယ်က ကျောင်းသားဦးရေများတဲ့ ကျောင်း သုံး ကျောင်း ရဲ့ရှေ့တွေကိုတော့ ရန်ကုန် ကဆင်းလာတဲ့ ကျောင်းသား
ခေါင်းဆောင် တွေ တရားလာဟောပြီး အပြင်ထွက် ဆန္ဒပြဖို့ စည်းရုံး တာကို ဆရာ၊ ဆရာမ တွေပိတ်ထားတဲ့ကြားက အတန်းကြီးတဲ့ ကျောင်းသားတွေက
ပြတင်းပေါက် တံခါးတွေရိုက်ချိုးပြီး အပြင်ထွက်ဖို့ကြိုးစား ကြလို့ တော်တော်လေး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတယ်လို့ နောက်ပိုင်းပြန်ကြားရပါတယ်။
   ကျနော်တို့ညီအကို လေးယောက်ကို အဖေက ရွာကို ချက်ချင်းပြန်လာခဲ့ဖို့ လူကြုံ နဲ့မှာလိုက်လို့ နောက်နေ့မနက်စောစောပဲ
အိမ်ကိုသော့ခတ်ပြီး ရွာကို ကားတတန် စက်လှေတတန် နဲ့ပြန်ခဲ့ကြပါတယ် ။ ညနေ ကျနော်တို့ ရွာပြန်ရောက်တော့ ရွာက ကာလသားတွေနဲ့
လူကြီးတွေက မြို့ကိုတက်ပြီးဆနပြဖို့ စက်လှေတွေဘာတွေနဲ့ ပြင်ဆင်နေကြပြီ။ နောက်နေ့ ဩဂုတ်လ (၁၁) ရက်နေ့ မနက်စောစော
မှာတော့ စက်လှေတွေပေါ်မှာ  " တောင်သူလယ်သမား သမဂ္ဂ ဖွဲ့စည်း ရေး .........       "  ဘာအရေး ,
ညာအရေး တွေအော်ပြီး  အဲဒီနေ့မှာ သူတို့
တွေလိုပဲ ကျေးရွာအသီးသီးက မြို့ပေါ်ကိုတက်လာကြမယ့်  တောင်သူလယ်သမား တပ်ပေါင်းစုနဲ့ ပူးပေါင်းဖို့ ခုတ်မောင်း ချီတက်သွားကြလေရဲ့ ။
  အဲဒီတုန်းက ငယ်သေးတော့ ဒီမိုကရေစီ ရရှိရေး မရရှိရေးထက်  ကျောင်းတွေ
အကန့်အသတ်မရှိ ပိတ်လို့ ပိုပျော်တာ အမှန်ပါပဲ ။

အကို့ ဆောင်းပါး " အာဏာကိုဘယ်သူပိုင်သလဲ " ကို ဖတ်လိုက်ရတော့ ကျနော် အရမ်းဝမ်းသာသွားတယ်အကို ။
ကျနော် ယုံကြည်ထားသလိုပဲ စစ်တပ်ထဲမှာ လွတ်လပ်ငြိမ်းချမ်းမှုကိုမြတ်နိုးတဲ့၊ ပြည်သူ့လူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကိုကာကွယ်ရတဲ့ စစ်တပ်ရဲ့ ( professional )
အလုပ်အပေါ်မှာ ဂုဏ်ယူကြတဲ့ စစ်သည် တပ်မှူးတွေ ရှိနေတယ်ဆိုတာသိလိုက်ရလို့ပါ။ ရန်ကုန်မှာ LCCI ဖြေမဲ့ သူတွေကို ကျူရှင်လိုက်ပြပေးနေတဲ့
ကျနော့် သူငယ်ချင်းတစ်ယောက်က ဗိုလ်မှူးကြီး တစ်ယောက်ရဲ့ သမီး ကိုစာသွားသင်ပေးတုန်းက ဗိုလ်မှူးကြီးကအမြဲတမ်းလိုလို အစိုးရလုပ်ပုံ ကိုင်ပုံတွေ
ကိုသဘောမကျလို့  တစ်ချိန်လုံးငြီးငြီးငြူငြူပြောနေတတ်တဲ့အကြောင်း ကျနော့် ကိုပြန်ပြောဖူးပါတယ်။
 အဲဒီဗိုလ်မှူးကြီးတို့လိုတပ်မှူးတွေ ၊ အကိုတို့လို အမြင်ကျယ်တဲ့ သူတွေ စုစုစည်းစည်း ပေါင်းမိရင်၊ အဲဒီလိုပေါင်းမိ တဲ့ စစ်သည်တပ်မှူးတွေကို ကျနော်တို့ဖက်
က ဖက်လှဲတကင်း ရှိရင် ပြည်သူတွေလိုလားတောင်းတနေတဲ့ အရာတွေကို စုစုစည်းစည်း အရေးဆိုတဲ့အခါ ဗိုလ်ချုပ်ကြီးတွေ နားထောင်လာလိမ့်မယ်လို့
ကျနော် ထင်ပါတယ်အကို။
  အန်တီစု ဧရာဝတီ သတင်းဌာနနဲ့ အင်တာဗျူးလုပ်တုန်းကပြောဖူးပါတယ် ။ တွေ့ဆုံဆွေးနွေးရေး ကိုတောင်းဆိုနေတယ်ဆိုတာ ဘယ်သူကနိုင်စေ၊
ဘယ်သူကရှုံးစေ စကားနိုင်လုကြဖို့မဟုတ်ပါဘူးတဲ့ ။ တစ်ဖက်ကဖြစ်ချင်တာကို တစ်ဖက်နားထောင်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေမဲ့ နည်းလမ်းကိုရှာဖွေကြဖို့ပါတဲ့။    အခုလည်းတစ်ဖက်နဲ့တစ်ဖက်တင်းတင်းမာမာတွေဆက်လုပ်နေကြရင်တိုင်းပြည်လည်းဖွတ်ဖွတ်ညက်ညက် ကျေသထက်ကျေဖို့ပဲရှိတော့တာမို့ရှဥ့်လျှောက်ပျားစွဲ အနေအထားတစ်ခုဖန်တီးဖို့လိုအပ်တယ်ထင်လို့ သင့်မြတ်ရေးလမ်းစဉ်ကိုရွေးတာပါ အကို။     
                   ပြီးတော့ အကိုပြောတဲ့ မလောက်လေးမလောက်စား ကိစ္စလည်းပြောချင်နေတာကြာပါပြီ ။ ခေတ်နောက်ပြန်ဆွဲပြီး အလုပ်မဖြစ်တဲ့ ဂျီစီဘီအေ ကလူကြီးတွေကို တို့ဗမာအစည်းအရုံး ကိုတည်ထောင်ကြမယ့်သခင်ပေါက်စတွေက လှောင်ပြောင်ရှုတ်ချ တာကို ကျနော်ဖတ်ဖူးပါတယ်။

ဒေါက်တာလွဏ်းဆွေ လည်း ဟိုးအရင်ကတည်းကနိုင်ငံရေးလုပ်လာခဲ့ကြတဲ့သူတွေက အခုမှစလုပ်တဲ့ သူတွေကို ဝါစဉ် သမ္တာစဉ် တွေနဲ့ယှဉ်ပြီးနှိမ်ချင်ကြတဲ့ အကြောင်းရေးဖူးပါတယ်။အဲဒီလူတွေ အလုပ်မဖြစ်လို့ ဘာ generation  ညာ generation ဆိုပြီး ကျောင်းသားမျိုးဆက် အသစ်အသစ်တွေပေါ်လာရတာပါ။
၁၉၉၀ ရွေးကောက်ပွဲပြီးကတည်းက အစိုးရဖွဲ့ရဲတဲ့ သတ္တိရှိခဲ့ကြရင် ရွှေဝါရောင်တော်လှန်ရေး လိုမျိုး ဝမ်းနည်းစရာအဖြစ်တွေလည်း ဖြစ်လာစရာအကြောင်းမရှိပါဘူး။ကျောင်းသားတွေလည်းကိုယ့်စာကိုယ်သင် ၊ ကိုယ်တော်တွေလည်း ကိုယ့်တရား ကိုယ်အားထုတ်ယုံပါ ။  ဂန္ဒီခန်းမ ကိစ္စကို အကျယ်အကျယ် ဖြစ်မှာစိုးလို့ ကျနော် မပြောတော့ပါဘူး။ တိုင်းပြည် ပြောင်းလဲတိုးတက်ရေးအတွက် တစ်တပ်တစ်အားပါဝင်လာတဲ့သူတွေကို ကြိုဆိုရမယ့် အစား အတန်းအစားခွဲနေတာ နားမလည်နိုင်စရာပါ အကို။
 ဟိုးအရင်ကတည်းက နိုင်ငံရေးလုပ်လာတဲ့ ၊ လုပ်စားလာတဲ့သူတွေ လို ကျနော်တို့ နိုင်ငံရေးပရိယာယ် မကြွယ်တာ၊
နိုင်ငံရေးပါးမဝတာ အမှန်ပါပဲ ။ ဒါပေမယ့် ကျနော်တို့ ကိုယ်ထဲမှာလည်း   သူတို့ထက်ပိုမနီတောင် မလျော့တဲ့   တိုင်းပြည်ကိုချစ်တဲ့
အနီရောင်သွေးတွေ လည်ပတ်နေတယ်လို့ ပြောပါရစေ။

ပြီးတော့နောက်တစ်ခုရှိသေးတယ်ဗျ ။ နိုင်ငံရေး ပုဒ်မနဲ့ ထောင်ကျဖူးတဲ့လူတွေက စာရေးလို့ရှိရင် သူတို့ထောင်ကျဖူးတဲ့
အကြောင်းကို မပါမဖြစ် ဂုဏ်ပုဒ်တစ်ခုလိုထည့်ထည့်ရေးကြတာ။ ကျနော် မစာနာလို့ပြောတာမဟုတ်ပါဘူး ။ ကိုဝင်းနိုင်ဦး ရေးတဲ့
" လူငယ်တစ်ဦး၏နေ့စဉ်မှတ်တမ်း " ကိုရော ကိုနေလင်း ရေးတဲ့ " လူရှင်သင်္ချိုင်းများအကြောင်း " ကိုရော ဖတ်ဖူးလို့ မြန်မာပြည်
အကျဉ်းထောင်တွေထဲမှာနေရတာ ဘယ်လောက် ဒုက္ခကြီးသလဲဆိုတာ ကျနော်သိပါတယ်။ အရင်တုန်းက နိုင်ငံရေးမှုနဲ့ ထောင်ကျဖူးတဲ့
သူတွေကိုရော ၊ အခုလက်ရှိ ထောင်ကျနေကြတဲ့ ဒီမိုကရေစီ သူရဲကောင်းတွေကိုရော ကျနော် အမြဲတမ်း ဦးညွတ်နေတာပါ။
အန်တီစု အကျယ်ချုပ်က လွတ်လာရင် NLD ရုံးချုပ်မှာရုံးထိုင်ဖို့အတွက် ရုံးခန်းကို ပြင်ဆင်ပေးထားတဲ့ အလှူရှင်တွေရဲ့စာရင်းကို ဖော်ပြတော့
နာမည်တွေနောက်မှာ ကွင်းစကွင်းပိတ်နဲ့ ထောင်ဘယ်နှနှစ်ကျ ဆိုပြီးထည့်ရေးထားတာ။ထောင်ကျဖူးတာကို လွတ်လပ်ရေးမော်ကွန်းဝင်
ပုံစံမျိုးရေးပြီး ကိုယ့် ကိုယ်ကို နိုင်ငံရေး သိဒ္ဓိတင် တာလားလို့မေးချင်စရာပါ။ ထောင်မကျဖူးရင် နိုင်ငံရေးအရ ဘာကောင်မှမဟုတ်တော့သလို
ဖြစ်နေတယ်ဗျ။

ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တော်တော်များများရဲ့သဘောထားနဲ့အမြင်။ အစိုးရ က ဝန်ထမ်းတိုင်း ပါတီနိုင်ငံရေးကင်းရှင်းရမည် တို့ ၊ နိုင်ငံရေးလုပ်တဲ့သူတွေကို
ပြင်းပြင်းထန်ထန်ထောင်ချတာတို့ ၊ နိုင်ငံရေးလုပ်တဲ့သူတွေရဲ့သားသမီးတွေ အရပ်ထဲ ကျောင်းထဲမှာ ဝိုင်းပယ်ခံရတာတို့ ဘာတို့
ဖြစ်တဲ့အခါကျတော့ တော်တော်များများက နိုင်ငံရေး ဆိုတာကို မတို့မထိအပ်တဲ့ အရာ ၊ကြောက်စရာကြီးလို့ ထင်နေကြပါတယ်။
ကျနော် မှတ်သားမိသမျှ နိုင်ငံရေး (politics) ရဲ့ မူလအဓိပ္ပါယ် က (to make a better community) ကိုယ်နေထိုင်နေတဲ့ လူ့အဖွဲ့အစည်း ကို ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း
ဖြစ်အောင် လုပ်ဆောင်ကြတာကိုပြောတာပါ ။ အခုနောက်ပိုင်း ခေတ်သစ်အဘိဓာန်တွေ နဲ့ online dictionary အကုန်လုံးမှာ တော့ အဲဒီအဓိပ္ပါယ်မျိုးဖွင့်ထားတာ တစ်ခုမှမရှိကြတော့ပါဘူး။ "တိုင်းပြည်တစ်ပြည် သို့မဟုတ် နေရာဒေသတစ်ခု အားစီမံအုပ်ချုပ်ခြင်း နှင့် ထိုကဲ့သို့သောကိစ္စများအား လုပ်ကိုင်ဆောင်ရွက်ချင်း" လို့ပဲ
အနက်ပေးကြပါတော့တယ်။ အဲဒီတော့ အစိုးရကိုဆန့်ကျင်ကန့်ကွက်နေမှ နိုင်ငံရေး ၊ ပါတီထောင်မှ နိုင်ငံရေး ဒီလိုတွေဖြစ်ကုန် ကြပါတယ်။
နိုဝင်ဘာ (၁၄) ရက် အန်တီစု အကျယ်ချုပ်ကလွတ်လာပြီး ပြောတဲ့မိန့်ခွန်းထဲမှာ တော့ အိမ်မှာ ထမင်းချက်၊ ကလေး
ထိန်းတာလည်း နိုင်ငံရေးပဲလို့ ပြောသွားပါတယ် ။ အဲဒီလောက်အထိ တော့ကျနော်လည်းလိုက်စဉ်းစားလို့ မမှီပါ။ ကျနော်နားလည်ထားတာက ကိုယ်နေထိုင်ရပ်တည်နေတဲ့ မြို့ရွာ ၊ နေရာဒေသ ၊ တိုင်းပြည် နိုင်ငံကို ပိုပြီးနေပျော်စရာနေရာ
ဖြစ်လာအောင် ကြိုးပမ်းအားထုတ်ကြတာ နိုင်ငံရေး  (politics) ပါပဲ ။
အခုကျနော် တို့ချစ်တဲ့တိုင်းပြည်ကို နေပျော်စရာ ( လောကပါလတရားထွန်းကားတဲ့ ) နေရာ ဖြစ်လာအောင်လို့
ကျိုးပမ်းအားထုတ်နေတဲ့အတွက် ဒါနိုင်ငံရေးလုပ်နေတာပါပဲ ။ " ဟာ  ပြန်လည်သင့်မြတ်ရေးလုပ်နေတာပဲ၊
ဒါနိုင်ငံရေးမှမဟုတ်တာ " ဆိုတဲ့ဝေ့လည်ကြောင်ပတ် စကားမျိုး ကျနော် မပြောချင်ပါဘူး။

နောက်တစ်ခု အကိုပြောတဲ့ အစွဲကင်းဖို့ကိစ္စ ။ ကျနော့် တကိုယ်စာ သဘောကတော့ တိုင်းပြည်ကိုဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်
တိုင်းသူပြည်သားတွေရဲ့ လူသားဖြစ်မှုအပေါ်တန်ဖိုးထားတဲ့ ဘယ်အစိုးရ ဘယ်စနစ်မျိုးကိုမဆို လက်ခံဖို့အသင့်ပါ ခင်ဗျာ။
 အရင် ထိုင်းဝန်ကြီးချုပ်သက်ဆင် လို ဒီမိုကရေစီကို ခုတုန်းလုပ်ပြီး လူလယ်ကျ အမြတ်ထုတ် နေရင်လည်း ကျနော်တို့
လက်ခံမှာ မဟုတ်ပါဘူး။
ကျနော့် ကိုပုဂ္ဂိုလ် စွဲရှိတယ်ထင်မှာစိုးလို့  ဘလော့ဂ်ပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း ပုံတို့ အန်တီစု ပုံတို့ မတင်ပဲ
တိုင်းနဲ့ပြည်နယ် နယ်နိမိတ်မျဉ်းတောင် မပါတဲ့ မြန်မာပြည်မြေပုံ အလွတ်တစ်ခုကိုပဲတင်ထားတာပါ အကို။
 ပုံတွေ အကြောင်းစကားစပ်မိတုန်း အခုတင်ထားတဲ့ဗီဒီယို အကြောင်းတခါတည်းဆက်ပြောပါရစေ ။သည်းငြီးခံပြီး
ခဏလောက် ဆက်ဖတ်ကြပါတော့ဗျာ။ အမှန်တကယ်ကျနော်တင်ချင်တာက Green Day  ရဲ့ Working Class Hero တစ်ခုတည်းဗျ ။ သူ့တစ်ခုထဲ
ဘယ်လိုမှခွဲထုတ်လို့ မရလို့အောက်က မဆီမဆိုင်ဟာတွေနဲ့ပါ အတွဲလိုက်တင်ထားရတာ။ အဲဒီဟာကိုသိတဲ့သူရှိရင်
ဘယ်လိုလုပ်ရတယ်ဆိုတာအကြံပေးကြပါဗျာ။ Working Class Hero  ကို The Beatles က John Lennon  ရေးခဲ့တာပါ ။ ခေတ်အဆက်ဆက် နာမည်ကြီးတဲ့အဆိုတော်တွေရော
မကြီးတဲ့အဆိုတော်တွေရော ပြန်ဆို (cover) ကြတာ အခါနှစ်ဆယ်လောက်ရှိနေပါပြီ။အခု Green Day က ဆူဒန် နိုင်ငံ ဒါဖော (Darfur) ဒေသမှာဖြစ်တဲ့
မျိုးတုန်းသတ်ဖြတ်မှုတွေကို နိုင်ငံတကာက အာရုံစိုက်လာအောင်  American Idol (အခုမြန်မာပြည်မှာလုပ်နေတဲ့ Melody World  လိုဟာမျိုး ) ရဲ့နောက်ဆုံး ဖိုင်နယ်ရှိုးတစ်ခုမှာ
တက်ဆိုထားတာပါ။ သီချင်းစာသားတွေက မြန်မာပြည်ရဲ့ နှစ်ပေါင်းငါးဆယ် အာဏာရှင်စနစ်အောက်ကအခြေအနေတွေနဲ့ တစ်ထပ်တည်းနီးပါး
ဖြစ်နေလို့ တင်ထားတာပါခင်ဗျ။
ပြီးတော့ အခုတလော ဖယ်ဒရယ်ပြည်ထောင်စု အကြောင်းရေးနေတဲ့ ကိုထွန်းအောင်ကျော် နဲ့လည်းအဆက်အသွယ်ရပါတယ်။
 ကိုထွန်းအောင်ကျော် ကလည်းသူ့ဆောင်းပါးတွေ http://www.phopa-dwm.blogspot.com/ ကို အချိန်မရွေးယူသုံးလို့ရပါတယ်လို့ ခွင့်ပြုချက်ပေးလာတဲ့ အတွက် တအားတက်ရပြန်ပါတယ် အကို ။
ကျနော်က လူပေါင်းစုံနဲ့ စကားပြောချင်တဲ့အတွက် စုံနိုင်သမျှစုံလေ ကောင်းလေပဲလို့ ယူဆထားပါတယ်။

အကိုနှင့်တကွ ချစ်သောညီအကိုမောင်နှမများအားလုံးရွှင်လန်းကျန်းမာကြပါစေခင်ဗျား
   လေးစားစွာဖြင့်
            ဝါခေါင်

Thursday, December 23, 2010

လှည်းယာဉ်နဲ့လှည်းကြမ်း


ဝေမော်-
18 Dec, 2010။-


(၁)

ငယ်ငယ်တုန်းကကျွန်တော်တို့ရွာရဲ့ရွာဦးကျောင်းမှာလှည်းယာဉ်တစ်စီးရပ်ထားတာကိုမကြာခဏ တွေ့မြင်ခဲ့ရဖူးပါတယ်။

လှည်းကက်အိမ်၊ ဆောင်ပန်း၊ တံပိုးကျင်တွေက အစ လှည်းတစ်စီးလုံး အကောင်းစားသစ်သားတွေကို ပွတ်လုံးထွင်း အလှဆင်ထားတာဆိုတော့ မြင်ရတာနဲ့ကို သွားရည်ယိုစရာ ကောင်းပါတယ်။
နောက်ပြီး လှည်းယာဉ်မောင်းဖို့ မွေးထားတဲ့နွားတစ်ရှဉ်းကလည်း တကယ့်နွားချောနွားလှ ကြီးတွေ “နှာတံခုံးစေ ခွာလုံးစေ၊ မျက်လုံးပြူးစေ နာရှူးစေ” စတဲ့ နွားကောင်း အင်္ဂါရပ်တွေနဲ့ ပြည့်စုံတယ်။


ကျွန်တော့်အဖေပြောဖူးတာကတော့ ရွာဦးကျောင်းက ဆရာတော်ကြီးဟာ ဒီနယ်တ၀ိုက်မှာ ထေကြီးဝါကြီး ရဟန်းတစ်ပါးဖြစ်သည်။
သက်တော်ကလည်း ကြီးလှပြီမို့ ရပ်နီး ရပ်ဝေး ရွာတွေမှာ အလှူအတန်း၊ သာရေးနာရေးကိစ္စရှိလို့ ပင့်ဖိတ်လျှောက်ထားတဲ့အခါ ခြေကျင်ခရီးမကြွနိုင်တော့ဘူး။
ဒါကြောင့်မို့ သက်တောင့်သက်သာ ခရီးကြွချီနိုင်ဖို့ ရွာကစီးပွားရေးပြေလည်တဲ့ ဒကာ၊ဒကာမတွေ မ,တည်ပြီး လှည်းယာဉ်နဲ့ နွားတစ်ရှဉ်းကို စုပေါင်းလှူဒါန်းထားတယ်လို့ သိရပါတယ်။
ကျွန်တော်ကတော့ အိမ်ကလှည်းကြမ်းကြီးစီးပြီး ဆွေမျိုးတွေရှိရာ အလည်သွားတိုင်း ရွာဦးကျောင်းက လှည်းယာဉ်လေးကို ပြေးပြေးမြင်ယောင်မိတယ်။



ကျွန်တော့်အဖေကို လှည်းယာဉ်တစ်စီးဝယ်ပေးဖို့ ပူဆာတဲ့အခါ အဖေက-

“ဪ… သားရယ်.. လှည်းယာဉ်ဆိုတာ ကြော့ကြော့လေး စီးဖို့ပဲကောင်းတာ.. အဖေတို့လယ်ယာလုပ်ခွင် မှာတော့ ကုန်ပစ္စည်းသယ်လို့ရတဲ့ အကြမ်းခံလှည်းတွေကသာ အသုံးတည့်တယ်ကွယ့်…” လို့ ရှင်းပြရှာတယ်။ တောရွာမှာနေရပေမယ့် လှည်းယာဉ်မစီးနိုင်တဲ့ ကျွန်တော်တို့ဘ၀တွေရယ်ပါ။

တနေ့တော့ ရွာဦးကျောင်းမှာ ကထိန်ပွဲရှိလို့ မိဘများနဲ့အတူ ကျောင်းကိုကျွန်တော်ရောက်သွား တယ်။ လူကြီးတွေက ကထိန်ဝေယျာဝစ္စ တွေနဲ့အလုပ်များနေချိန် ကျွန်တော် တစ်ယောက်တည်း အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတွေ လိုက်ကြည့်ရင်း ကျောင်းနောက်က အမိုးတဲအောက်မှာ ရပ်ထားတဲ့လှည်းယာဉ်လေးဆီ ရောက်သွားတယ်။

တံပိုးကျင်ထိပ်မှာ တပ်ထားတဲ့ပန်းဖွား နုနုလှလှလေးတွေကို ကိုင်ကြည့်လိုက်၊ ခြူကုံးလေးလှုပ်ကြည့်လိုက်နဲ့ စိတ်ထဲမှာ ကြည်နှုးနေမိတယ်။


အဲဒီအခိုက်မှာ အမေ့မောင်တစ်ဝမ်းကွဲတစ်ယောက် ကျွန်တော့်အနားရောက်လာပြီး-

“ဘယ်လိုလဲတူလေး… လှည်းယာဉ်ကိုသိပ်သဘောကျနေလား”

“ဟုတ်ကဲ့.ဦးလေး”

“အေးကောင်းတယ်.. ဦးလေးတစ်ခါတုန်းက ဒရ၀မ်လုပ်ပေးခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ် တင်ဖေဟာ လယ်သမားဘ၀ကို မမေ့ဘူး။
ဝင်ဒါမီယာက သူ့အိမ်မျက်နှာစာရှေ့မှာ လှည်းယာဉ် တစ်စီး ရပ်ထားတယ်။
ပြီးတော့ နှစ်တိုင်းနှစ်တိုင်း သူ့ရွာကိုပြန်ပြီး လယ်ထဲကငါးတွေကို သူကိုတိုင်ထောင်ဖမ်းပြီးချက်စားရမှ ကျေနပ်တဲ့လူပဲ”

“ရန်ကုန်မှာ လှည်းမောင်းလို့ရလား ဦးလေး”

“ရန်ကုန်မြို့က ကတ္တရာလမ်းပေါ်မှာ လှည်းမောင်းလို့တော့ မရဘူးပေါ့။ ဒါပေမယ့် လှည်းယာဉ်ဆိုတာ တို့ကျေးလက်လူနေမှုဘ၀ရဲ့ အလှကျက်သရေဆောင်ပဲလေ။
သူ့အနေနဲ့ လယ်သမားဘ၀ကို မေ့မသွားဘူးဆိုတဲ့ သဘောနဲ့ ဂုဏ်ယူချင်တာလည်းပါမှာပေါ့။
နောက်ပြီး သူဟာ အဲဒီအချိန်တုန်းက တော်လှန်းရေးကောင်စီမှာ လယ်သမား ကောင်စီ ဥက္ကဌလုပ်နေတာ”

ကျွန်တော့်ဦးလေးက စစ်ပြန်ရဲဘော်ဟောင်းတစ်ဦးပါ။ သူပြောတဲ့စကားတွေကို ကျွန်တော်စိတ်ဝင်တစား နားထောင်ခဲ့ပါတယ်။
သို့ပေမယ့် အဲဒီတုန်းက ကျွန်တော်ဟာ မူလတန်းကျောင်းသားတစ်ဦးသာ ဖြစ်တာမို့ လယ်သမားဘ၀ အငွေ့အသက်မပြယ်သေးတဲ့ ၀င်ဒါမီယာက ခေါင်းဆောင်ကြီးတစ်ဦးနဲ့ နွေမိုးဆောင်း တစ်နှစ်ပတ်လုံး ရွှံ့အလိမ်းလိမ်း ဖုန်တထောင်းထောင်းကြားမှာ ၀န်ပိနေတဲ့ လှည်းကြမ်းကြီးစီးကာ မိသားစုဝမ်းရေး ဖြေရှင်းနေရတဲ့ လယ်သမားကြီးတစ်ဦးရဲ့ ဘ၀ပုံရိပ်တွေ ကွာခြားပုံကို နှိုင်းယှဉ်မကြည့်တတ်ခဲ့သေးပါ။

(၂)

လွန်ခဲ့သော နှစ်လလောက်က ပြည်သူ့ခေတ်ဂျာနယ်မှာ ဆောင်းပါးရှင် နေဦးဝေ ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
ဒီမိုကရေစီရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုပေးဖို့ အမေရိကန် စာရေးဆရာများထံ စစ်မက်ရေးရာဘုတ်အဖွဲ့မှ ပေးပို့သော မေတ္တာရပ်ခံချက်စာတစ်စောင်နဲ့ ပတ်သက်ပြီး အမေရိကန် စာရေးဆရာ E.B.White ရဲ့ ရေးသားချက် ကို အခြေပြုရေးဖွဲ့ထားတာပါ။

အလွန်ကျယ်ဝန်းသော အဓိပ္ပါယ်ကိုဆောင်တဲ့ လွတ်လပ်မှု၊ ချစ်ခြင်းမေတ္တာ၊ ဂုဏ်သိက္ခာ၊ အကျင့်သီလ စတဲ့ စိတ္တဇနာမ် များကဲ့သို့ပင် ဒီမိုကရေစီရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုရာမှာ ideal (ပြီးပြည့်စုံသော စိတ်ကူးစံသတ်မှတ်ချက်) နဲ့ real (တကယ့်အစစ်အမှန် အခြေအနေ) နှစ်မျိုးအကြားကွဲပြားနိုင်ပုံကို ပမာပြု တင်ပြထားပါတယ်။

ဒါ့အပြင် အတွေးအခေါ်အယူအဆများရဲ့ ideal များကို ပြီးပြည့်စုံသောစိတ်ကူးစံများအဖြစ် ကောင်းကင်ဘုံအထိ မြှင့်ထားလေ့ရှိကြပြီး အဲဒီစိတ်ကူး စံများအတိုင်း လက်တွေ့ဖော် ဆောင်ကြတဲ့အခါ ထင်တိုင်းမပေါက် ပန်းတိုင်မရောက်တဲ့ အခြေအနေများ ရှိတတ်ပုံကိုလည်း သုံးသပ်ထားပါတယ်။
“ဒူးလောက်တင်မှ ရင်လောက်ကျ” ဆိုတဲ့ အခြေအနေမျိုးကို ရည်ညွှန်းလိုဟန်ရှိပါတယ်။

ဥပမာ အမေရိကန် သမ္မတကြီး အီဗရာဟင်လင်ကွန်း ရဲ့ သမိုင်းတွင်အဆိုအမိန့်ဖြစ်သော government of the people, by the people, for the people (ပြည်သူလူထု အတွက် ပြည်သူလူထုကိုယ်တိုင်အုပ်စိုးသော ပြည်သူလူထု၏အစိုးရ) မှာ ဒီမိုကရေစီ၏ ideal (အမြင့်ဆုံးစံ) ဖြစ်ပြီး လက်တွေ့ real သဘောတွင်မူ government of the people, by the politicians for whatever pressure groups can get their interests taken care of (ပြည်သူလူထု၏ အစိုးရဖြစ်သော်လည်း နိုင်ငံရေးသမားက အုပ်ချုပ် သော၊ လွှတ်တော်ပြင်ပမှ ဖိအားပေးဆွဲဆောင်သော အုပ်စုမျိုးစုံ၏ အကျိုးကို စောင့်ရှောက်သော အစိုးရမျိုးဖြစ်နေတတ်သည်။)လို့ သမိုင်းပညာရှင် Carl Becker ကဖွင့်ဆိုခဲ့ တာကို ရည်ညွှန်းကိုးကား ဖော်ပြထားပါတယ်။


လုပ်ငန်းတခုအကောင်အထည်ဖော်ရာမှာ သဘောတရား သတ်မှတ်ပြဌာန်းချက်အတိုင်း တသွေမတိမ်း လုပ်ဆောင်၍မရနိုင်သလို အတွေးအခေါ် သဘောတရားမဲ့သော လက်တွေ့ဆောင်ရွက်ချက် သည်လည်း ပန်းတိုင်းကိုမရောက်နိုင်ကြောင်း ယေဘူယျ (အကြမ်းဖျင်း) သဘောပေါက်နားလည်းမိပါတယ်။

(၃)

တောင်အာဖရိက နိုင်ငံရဲ့ အသားအရောင်ခွဲခြားမှု သမိုင်းကြောင်းကို ကျွန်တော်ပြည့်ပြည့်စုံစုံ မသိပါ။ သို့သော် နယ်လဆင်မင်ဒဲလားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ဘာသာပြန်ဆိုကြည့်ရာမှ မင်ဒဲလားခေါင်းဆောင်တဲ့ လူမည်းအမျိုးသားတို့ရဲ့ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှု တစိတ်တပိုင်းကို သိခွင့်ရခဲ့ပါတယ်။

လူမည်းခေါင်းဆောင်ကြီး မင်ဒဲလားတစ်ယောက် အကျဉ်းထောင်ကလွတ်မြောက်လာပြီးနောက် လူဖြူသမ္မတ ဒီကလပ်နဲ့အတူ ပူးတွဲပြီး ငြိမ်းချမ်းရေးနိုဘယ်ဆု ဆွတ်ခူးရ ယူချိန်၊ တောင်အာဖရိက သမ္မတဖြစ်လာချိန်၊ တကမ္ဘာလုံးက၀ိုင်းဝန်း ထောပနာပြု ချီးမွန်းကြတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အောင်မြင်မှုတွေအတွက် မင်ဒဲလားအပါအ၀င် လူမည်း အမျိုးသားထုတရပ်လုံးဟာ ခါးသည်းနာကျင်မှုတွေ ပြည့်နှက်နေတဲ့ အတိတ်ဇာတ်ကြောင်းတွေကို ကြိတ်မှိတ်ခံစား စတေးပေးဆပ်လိုက်ရပါတယ်။

ဒါ့အပြင် မင်ဒဲလားဟာ လူဖြူအစိုးရနဲ့ အပေးအယူလုပ်၊ ညှိနှိုင်းမှုတွေ လုပ်ခဲ့ရသလို သူရဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို သက်သေထူဖို့အတွက် သူနဲ့အတူလက်တွဲလုပ်ဆောင် လာတဲ့ ANC ပါတီက ရဲဘော်တွေ သူ့လုပ်ရပ်ကို နားလည်သဘောပေါက် လက်ခံလာအောင် ဇွဲကြီးကြီးနဲ့ သည်းခံပြီး စိတ်ရှည်ရှည်နားချပြောဆိုခဲ့ရပါတယ်။


ကျွန်တော်တို့နိုင်ငံမှာတော့ အရေးကြီးတဲ့ အချိုးအကွေ့တွေ ကြုံတွေ့ရတိုင်း တိုးတက်မှုရလဒ်ထက် ပိုမိုများပြားတဲ့ ဆုံးရှုံးနစ်နာမှုတွေ၊ မအောင်မြင်မှုတွေ ဖြစ်ခဲ့ရတဲ့ အခြေခံ လိုအပ်ချက်တွေကို မှန်မှန်ကန်ကန် သုံးသပ်ကြည့်နိုင်ဖို့ လိုအပ်နေပါပြီ။ ရဲရဲတင်းတင်း သုံးသပ်တင်ပြသူ အချို့ကိုလည်း တွေ့မြင်နေရပါပြီ။

(၄)

လွန်ခဲ့တဲ့ နိုဝင်ဘာ (၁၃)ရက်နေ့မှာ နှစ်ကာလများစွာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သူ့အပေါ်မှာ ယခင်ကလိုပဲ မပြောင်းမလဲ ချစ်ခင်မြတ်နိုးနေဆဲ ပြည်သူလူထုကြီးက ဒေါ်စုလွတ်မြောက်မှုကို လှိုက်လှိုက်လှဲလှဲ ၀မ်းပန်းတသာ ကြိုဆိုကြပါတယ်။
တချိန်တည်းမှာ တိုင်းပြည်တွင်း ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဘက်ပေါင်းစုံအကြပ်အတည်းကြီး ကျော်လွှားလွန်မြောက်ဖို့ရာ ဒေါ်စုရဲ့ဦးဆောင်မှုကို မျှော်လင့်နေကြပါတယ်။
ဒေါ်စုကလည်း ပြည်သူလူထုနဲ့ စပြီးထိတွေ့ချိန်မှာပဲ စုစည်းညီညွှတ်ကြဖို့နဲ့ တဦးနဲ့တဦး နားလည်းမှုရှိကြဖို့ ဆော်ဩလိုက်ပါတယ်။

တဆက်တည်းနောက်ရက်တွေမှာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ဖွံ့ဖြိုးရေးမှသည် ဒုတိယပင်လုံညီလာခံ ဖြစ်ပေါ်လာရေး၊ ပရဟိတလုပ်ငန်းနှင့် လူထုအဖွဲ့အစည်းများ အားကောင်းလာရေးတို့ကို ဦးစားပေးပြောဆိုလာပါတယ်။
(ကျွန်တော်တို့နိုင်ငံအတွက် အကောင်းဆုံး ideal များလို့ နားလည်မိပါတယ်။)

ဒေါ်စုရဲ့ပြောဆိုချက်တွေဟာ တိုင်းပြည်ရဲ့ လိုအပ်တွေကို ထင်ဟပ်ပြနေပြီး လူထုမျှော်လင့်ချက်လည်း ဖြစ်ပါတယ်။
သို့သော်လည်း ပြဿနာရှိနေတာက ဗိုလ်ချုပ်ကြီးများက ဒေါ်စုရဲ့ကမ်းလှမ်းချက်အပေါ် တုန့်ပြန်မှုကို ထည့်မတွက်လို့ မရတဲ့အချက်ပါ။
စစ်ဗိုလ်ချုပ်ကြီးတွေဟာ အာဏာကို မြဲမြဲဆုပ်ကိုင်ထားနိုင်ပေမယ့် ပြည်သူလူထုရဲ့ လိုလား ထောက်ခံမှုကို ဘယ်တုန်းကမှ မရခဲ့ပါဘူး။ တဖက်မှာ လူထုထောက်ခံမှု သောင်းသောင်းဖြဖြ ရရှိနေတာကိုက သူတို့အတွက် ရတက်မအေးစရာ ဖြစ်နေပါတယ်။
(ဒါတွေက တိုင်းပြည်အတွင်း ဖြစ်ပျက်နေတဲ့ real အခြေအနေတွေပါ)


ပြည်သူတွေက ဒေါ်စုကိုချစ်ကြပါတယ်။ တပ်မတော်သားတွေကလည်း ချစ်ပါတယ်။
(၁၉၉၀ ရွေးကောက်ပွဲတုန်းက တပ်နယ်မြေတွေမှာ NLD အောင်ပွဲခံခဲ့တာဟာ တပ်မတော်က ဒေါ်စုကို ချစ်တဲ့အကြောင်း သက်သေဖြစ်ပါတယ်။)
လူပုဂ္ဂိုလ်တဦးအပေါ်ချစ်မြတ်နိုးတယ်ဆိုတာက ကောင်းပါတယ်။
သို့သော် ချစ်မြတ်နိုးရုံမျှနဲ့ မလုံလောက်သေး ပါဘူး။ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ပါမှ အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။

ဆိုလိုတာက ချစ်တယ်ဆိုတဲ့နေရာမှာ ဗိုလ်ချုပ်သမီးလေးမို့ ဂရုဏာနဲ့ ချစ်သူတွေရှိပါတယ်။
တို့ဘ၀ကို ကယ်တင်ပေးမယ့်သူဆိုပြီး အားကိုးစိတ်နဲ့ ချစ်သူတွေလည်း ရှိပါ တယ်။ မှန်မှန်ကန်ကန် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ဖြစ်တယ်။
သူရဲ့ဦးဆောင်မှုနဲ့သာ ဆိုရင် ပန်းတိုင်ကို မလွဲမသွေ ရောက်နိုင်တယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ ချစ်မြတ်နိုးသူတွေ များများရှိဖို့လိုအပ်ပါတယ်။

ဒေါ်စုဟာ မာသာထရီဇာလို ပရဟိတ ဂရုဏာရှင်သက်သက်မဟုတ်ဘဲ လူ့အဖွဲ့အစည်းပြောင်းလဲရေးကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်
။ ခေါင်းဆောင်ကောင်းတစ်ဦးအတွက် ခိုင်မြဲတဲ့နောက်လိုက်ကောင်းတွေ၊ ပြတ်သားတဲ့ ထောက်ခံအားပေးသူတွေ လိုအပ်ပါတယ်။
အထူးသဖြင့် စစ်တပ်တွင်းက အင်အားစုတွေရဲ့ ထောက်ခံမှုရဖို့ အရေးကြီးပါတယ်။


ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ideal တွေ ကိုင်စွဲထားတဲ့ ဒေါ်စုအနေနဲ့ ရည်းမှန်းချက် ပန်းတိုင် ရောက်ဖို့ရာ real လက်တွေ့အခြေအနေမှာ ဘယ်လိုဗျူဟာတွေ ချမှတ်ဆောင်ရွက်သွားမလဲ ဆိုတဲ့ အချက်က သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။

အဲဒီအကြောင်းတွေကို စဉ်းစားမိတိုင်း ကျွန်တော့်အတွေးအာရုံထဲမှာ (မဆီမဆိုင်) လှည်းယာဉ်နဲ့ လှည်းကြမ်းရဲ့ ပုံရိပ်တွေကို မြင်ယောင်နေ မိပါတော့တယ်။…

ဝေမော်

18,December,2010

(ကိုနေမင်းသူ ဟစ်တိုင် http://www.hittai.net/ မှာ  တစ်ခြားနာမည်တစ်ခုနဲ့ ရေးထားတာပါခင်ဗျ ။ သူကိုယ်တိုင်လူငယ်တွေကိုဖတ်စေချင်လို့ ကျနော့် မေးလ် ကိုပို့ပေးထားတာပါ။)

Tuesday, December 21, 2010

လူငယ်စကားဝိုင်းအတွက်လူလတ်စကား

 ဒါ တပ်ကြပ်ကြီး (ကို)နေမင်းသူ  လူငယ်စကားဝိုင်းအတွက် ပို့ပေးထားတဲ့ဆောင်းပါး ပါခင်ဗျ ။ အကို ကခေါင်းစဉ်ရေးမပေးလိုက်တဲ့အတွက်ကျနော် ပဲ အဆင်ပြေ မယ်ထင်တဲ့ဟာပေးထားတာပါ။ ဆောင်းပါး ကိုယ်ထည်ကိုတော့
တစ်လုံးမှ ပြင်ဆင် ဖြတ်တောက် ဖြည့်စွက်တာ မလုပ်ပါဘူး ခင်ဗျ ။ ပြီးတော့ ဟစ်တိုင် http://www.hittai.net/ 
  နဲ့ နေ့သစ် http://www.naytthit.net/
မှာပါတဲ့ သူ့ဆောင်းပါးတွေကို အဆင်ပြေသလို ယူသုံးဖို့ ပြောထားပါတယ်။ အဲဒီ အတွက် ကိုနေမင်းသူ ကိုကျေးဇူးအများကြီးတင်ရ
ပါတယ် ခင်ဗျ ။တအားလည်းတက်ရပါတယ်။   ကျနော်ရေးတင်ထားတဲ့ ကျနော့် အမြင်အတွေးတွေကို ဘယ်သူမှ ကျယ်ကျယ်ပြန့်ပြန့် ပြန်ဆွေးနွေးတာ မတွေ့လို့ဘာအကြောင်းဆက်ရေးရင်ကောင်းမလဲ စဉ်းစားနေတာနဲ့ ကြားထဲမှာတော်တော် အဆက်ပြတ်သွားပါတယ်။ အခုတော့ ကိုနေမင်းသူ ရဲ့အမြင်တွေကိုပဲ ကျနော်ပြန်ဆွေးနွေးဖို့စဉ်းစားထားပါတယ်။ ကိုနေမင်းသူ ဆောင်းပါးတွေနဲ့ နှစ်ရက် သုံးရက် လောက်ခြားပြီး ကျနော်တွေးမိတာတွေကို ရေးတင်ပါ့မယ်။  - ဝါခေါင်



ကိုဝါခေါင်ရေ
             ဒီလိုပဲရင်းရင်းနှီးနှီးသုံးနှုန်းလိုက်မယ်နော်။ဘယ်သူကအသက်ပိုကြီးမလဲတော့မသိဘူး။ဘယ်လိုပဲဖြစ်ဖြစ်ယဉ်
ကျေးမှုအရတော့ဒီလိုပဲကောင်းပါတယ်။ကျနော်ကတော့ ကျနော့ဆောင်းပါးတေစ်ခုမှာ ဖော်ပြထားတဲ့အတိုင်း ၁၉၈၈ မှာဆယ်တန်းအောင်ပြီးတာ နှစ်နှစ်ရှိပြီ။
          ဒါပေမယ့် အဲဒီတုန်းက ကျနော် တက္ကသိုလ်မှာ ရှိမနေခဲ့ပါဘူး။ ရန်ကုန်မြို့လမ်းနီလေးမှတ်တိုင်နားက စက်မှု(၁) ၀န်ကြီးရုံးမှာနေ့စားဝန်ထမ်းပါ။ ကျနော့်အဖေက ကျနော့ကိုတက္ကသိုလ် ဆက်ထားဖို့ရည်မှန်းခဲ့ပေမယ့် ကျနော်ဆယ်တန်းအောင်ချိန်မှာ အိမ်ကစီးပွားရေးအခြေအနေအကောင်းတော့ဘူး။ မိဘတွေက လယ်သမားပါ။          ခုဆိုလိုတာတော့ လူငယ်စကားဝိုင်းမှာ ကျနော်ကလူလတ်ပိုင်းတစ်ယောက်အနေနဲ့ ပါဝင်ဆွေးနွေးတဲ့ သဘောပါ။ ကျနော့မှာလည်း ပြောချင်တာတွေက တပုံတပင်ကြီး ရှိပါတယ်။ ခုလိုစကားဝိုင်းလေးတစ်ခုကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားရင်သိပ်ကောင်းမှာပဲ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင်တောင်မှ အဖက်ဖက်က သိသိသာသာ နိမ့်ကျနေတဲ့ တိုင်းပြည်တခုရဲ့အရေးကို လူငယ်တွေစိတ်ဝင်တစားရှိတာကောင်းတဲ့ လက္ခဏာရပ်ပါ။
တိုင်းပြည်ရဲ့ အနာဂတ်အရေးဟာ လည်းလူငယ်တွေရဲ့ အပေါ်မှာ မှုတည်နေတယ်မို့လား။ နှောက်ပြီးစည်းတွေဘောင်တွေမထားပဲ  လွတ်လွတ်လပ်လပ် ဆွေးနွေးကြတာပိုကောင်းပါတယ်။ (ဒါပေမယ့် တရားဝင်သတ်မှတ်ပြဌာန်း မထားပဲအားလုံးက understood ဖြစ်ဖို့လိုတဲ့ စည်းကမ်းလေးတစ်ချက်တော့ ရှိထားရင်ကောင်းမယ်ထင်တယ်။ အဲဒါက ဖရုဿဝါစာ တွေရှောင်ကြဖို့).
          ကျနော်ငယ်ငယ်က စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံရေးသမားပေါက်စဘ၀မှာ  သူတို့ရဲ့ရှေ့ မျိုးဆက်နိုင်ငံရေးသမားကြီးအချို့က ဗိုလ်ချုပ်တို့ကို မလောက်လေးမလောက်စားတွေဆိုပြီး မျက်ရယ်ပြုသတဲ့။ အဲဒီမှာ ဗိုလ်ချုပ်တုန့်ပြန်လိုက်တာက “ဟုတ်တယ် ခင်ဗျာတို့လူကြီးတွေ သောက်သုံးမကျလို့ ကျနော်တို့လို လူငယ်တွေပညာရေးကို ကျောခိုင်းပြီး နိုင်ငံရေးလှုပ်ရှားနေရတာ” တဲ့။ အမှန်ပါပဲ လွတ်လပ်ရေးကြိုးပမ်း လှုပ်ရှားမှုဟာ ဗိုလ်ချုပ်တို့ ခေတ်ရောက်မှ ကမ္ဘာနဲ့ယှသ်ပြီးတွေးခေါ်လုပ်ကိုင်တာတွေ များလာပြီး တိုးတက်အောင်မြင်မှုတွေ တဟုန်ထိုးရလာတာ။ နောက်ပြီးယဉ်ကျေးတဲ့ ဖွံ့ဖြိုးတဲ့လူ့အဖွဲ့အစည်းတွေမှာ လူငယ်တွေရဲ့အသံကို အလေးထားကြတယ်။ ၁၉၉၀ အလွန်နှစ်တွေက အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီအညွှန်း ဖြစ်ခဲ့တဲ့ နီယိုကွန်ဆာဗေးတစ် အယူအဆ (ခရစ္စတော်(လ်)ကေဂန်အာဂျင်ဒါ) ဆိုတာဟာ လူငယ်တွေ လက်ဖက်ရည်ဝိုင်း ဘီယာဝိုင်းမှာဆွေးနွေးကြတဲ့ အကြောင်းအရာကို အခြေခံပြီးဖြစ်ပေါ်လာတာလို့လည်း ကျနော်မှတ်သားဖူးတယ်။ နောက်ပြီးမတင်စားအပ်တဲ့ အတိတ်သမိုင်းတခုကို  ကိုးကားပြရရင် ဂျာမဏီအာဏာရှင်ကြီး ဟစ်တလာ ဟာသူရဲ့ အယူအဆတွေကို လမ်းဘေးစကားဝိုင်းတွေက အစပြုထူထောင်ခဲ့တာပဲ။
          ဒီတော့လုပ်သာလုပ်ပါ။ သူငယ်ဆိုတာအနာဂတ်ကို ပိုင်တယ်။ အဲဒီအချက်ကပဲလူကြီးတွေထက် ကိုယ်ကသာနေတာ။ သို့သော်လည်း လူကြီးတွေအပေါ် မှန်မှန်ကန်ကန် နားလည်ပေးဖို့တော့လို့ လိမ့်မယ်။ ဒီအတွက်သမိုင်းကို မျက်ခြေမပြတ်စေချင်ဘူး။ အစွဲကင်းကင်းနဲ့ လေ့လာစေချင်တယ်။ ဒီနေရာမှာ ဆရာကြီးလုပ်တယ်လို့ မထင်စေချင်ပါဘူး။ ကျနော်ကိုယ်တိုင် အစွဲတရားကို ခုံမင်ခဲ့ဖူးလို့ပါ။ အရောင်တွေဘောင်တွေကြား ကရှုမြင်ဆွေးနွေး နေကြရင် ကိုဝါခေါင်တို့ ကျနော်တို့ မျှော်မှန်းနေတဲ့ သင့်မြတ်ရေးဆိုတာ ဖြစ်လာနိုင်ပါ့မလား။
          သစ်တောနဲ့သစ်ပင်ရှိရာမှာ သစ်တစ်ပင်ချင်းကို အရင်လေ့လာသုံးသပ်ပြီးမှ သစ်တောနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရင် အမှန်တရားနဲ့ ပိုပြီးနီးစပ်မယ်လို့ ထင်မိပါတယ်။ ကျနော်တို့ ဒီစကားဝိုင်းမှာ ဆုံတွေ့ကြတာဟာ သစ်တစ်ပင်ချင်းကို စူးစမ်းလေ့လာအကဲ ဖြတ်နေကြတာမဟုတ်လား။ ဒီနေရာ ကနေပြီးစကားဝိုင်း ဧရိယာကို တဖြည်းဖြည်းချဲ့သွား ကြတာပေါ့။ ပြည်တွင်း/ပြည်ပက လူငယ်တွေ ဆုံဆည်းရာ Forum ကလေးဖြစ်လာစေချင်ပါတယ်။
          ကဲကဲ..ကိုယ့်ကိုယ် ကိုမိတ်ဆက်ရင်း ကိုယ်ဖြစ်စေချင်တာတွေကို နိဒါန်းပျိုးနေတာနဲ့ပဲ စာအတော်ရှည်သွားပြီမို့ နောက်တပတ်မှပဲ..အရပ်ထဲကလူငယ်တွေ သိချင်နေတဲ့ တပ်မတော်နဲ့ တပ်မတော်သား တွေရဲ့ အကြောင်းကို ကျနော်သိသလောက် မခြွင်းမချန် ပြောပြပေးပါမယ်။ သိချင်တာလေးတွေ ရှိရင်လည်းကျနော့ အီမေးလိပ်စာ nayminthu.po@gmail.com ကို မေးခွန်းလေးတွေ ပို့ထားစေချင်ပါတယ်။ ကြိုတင်ပြီး မေတ္တာရပ်ခံထားချင်တာက ကျနော်ဟာ ရေတပ်သားတစ်ဦးဖြစ်တာကြောင့် ရေတပ်နဲ့ပတ်သက်ပြီးဆွေးနွေးရင် ပို အဆင်ပြေမယ်ထင်ပါတယ်။
          နှစ်ဦးနှစ်ဖက် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ရင်း သံသယတွေ ကွယ်ပျောက်ပြီး အမှန်တရားကို ဖော်ဆောင်ကြပါစို့။
အားလုံးသောလူငယ်တွေ ရွှင်လန်းချမ်းမြေ့ကြပါစေ။

   နေမင်းသူ
၂၁-ဒီဇင်ဘာ-၂၀၁၀

Monday, December 20, 2010

အာဏာကို ဘယ်သူပိုင်သလဲ

တပ်မတော်အတွင်းက အလယ်အလတ်တန်းစား အရာရှိများရဲ့ လက်ရှိစစ်ခေါင်း ဆောင် ကြီးများ အပေါ်မှာထားတဲ့ သဘောထားအမြင်များနဲ့ ရပ်တည်ချက်တွေအကြောင်း ကျနော်ရေးသားဖော်ပြခဲ့တဲ့ “မဇ္ဈိမလှိုင်းခတ်သံ” ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူ အချို့ထံမှ သဘောထားထင်မြင်ချက်များကို လက်ခံရရှိပါတယ်။ သဘောထားထင်မြင် ချက် ပေးပို့သူများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါတယ်။
တပ်မတော်ထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာအဖြစ်သနစ်တွေ၊ တပ်မတော်သား တွေရဲ့ ခံစားချက် ရပ်တည်ချက်တွေကို ကျနော်ရေးသားဖော်ပြနေတာဟာ တပ်မတော် နဲ့ပြည်သူလူထုအကြား အမှန်တရားဆိုတာကို နားလည်မှုရှိရှိ ပုံဖော်သွားနိုင်ဖို့ ရည်ရွယ် ချက်နဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ရေးသားချက်တွေဟာ ကျနော် နေ့စဉ်ဖြတ်သန်း ကြုံတွေ့နေရတဲ့ တပ်ထဲကအဖြစ်အပျက်တွေ၊ ခံစားချက် အမြင်တွေသာ ဖြစ်ပြီး ကျနော် ကိုယ်တိုင်ကလည်း စစ်မှုထမ်းတစ်ဦး ဖြစ်နေတာကြောင့် ပြည်သူ လူထု ဘက်က အမြင် မဟုတ်တာ သေချာပါတယ်။
ကျနော်ရေးတဲ့စာတွေကို ဖတ်ပြီး တုန့်ပြန်ရေးသားလာတဲ့ ရှုထောင့်အမြင်တွေကသာ လျှင် ပြည်သူလူထုရဲ့ သဘောထားကို သေသေချာချာ ထင်ဟပ်ဖော်ပြနိုင်ပါတယ်။ ဒီ အတွက် တုန့်ပြန်လာတဲ့သဘောထားအမြင်များကို လိုလိုလားလား လက်ခံကြိုဆိုပါ တယ်လို့ ပြောလိုက်ရတာပါ။ အမှန်ဆိုရင်တော့ တပ်မတော်နဲ့ ပြည်သူကြားမှာ ရှိနေတဲ့ သံသယတွေကို တပ်မတော်သားတွေနဲ့ ပြည်သူလူထုမျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်း လင်း ဆွေးနွေးပစ်ဖို့ကောင်းတာ။
ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုတရပ်လုံးဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် မှာ ရာစုနှစ် တ၀က်လောက် နေထိုင်လာရတာဆိုတော့ စစ်တပ်နဲ့ပတ်သက်ရင် ခံစား ချက်မကောင်းတာ၊ ယုံကြည်မှုမရှိတာ သဘာဝကျပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲခံစားခဲ့ရပါတယ်။ စစ်တပ်ထဲရောက်ပြီးနောက်ပိုင်း စရိုက်အမျိုးမျိုး စိတ်ဓာတ်အ မျိုးမျိုး ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံလာရတဲ့ အခါ လူနဲ့လူချင်း ခွဲခြားသိမြင်မှုတွေရှိလာ တယ်။အရင်တုန်းကတော့ စစ်ယူနီဖောင်းမြင်ရင်ပဲ စိတ်ထဲမှာ အလိုလိုဒေါသဖြစ်နေမိ တာ။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာ ဒီနေ့အထိ စွဲမြဲနေတဲ့ အချက်ကတော့ စစ်အုပ်ချုပ် ရေး မကောင်းဘူးဆိုတာပါပဲ။ တသွေးတသံတမိန့် အုပ်ချုပ်ရေးအောက်မှာ ပြည်သူလူထု ဘယ်လို လွတ်လပ်မှုရှိပါ့မလဲ။ မြန်မာပြည်သူလူထုအဖို့ ပြောပြစရာမလိုလောက်အောင် ခါးသီးမှုတွေ ခံစားနေရတာ အထင်အရှားပါပဲ။
ဒါကြောင့်မို့ စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်းပျောက်ကွယ်သွားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတရပ် တော့ မဟုတ်ပါဘူး။ သို့သော်လည်း မဖြစ်နိုင်တဲ့ အရာလည်းမဟုတ်ပါဘူး။ ပြည်သူလူ ထုရော စစ်တပ်ထဲက ပုဂ္ဂိုလ်တွေပါ အတူတကွ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာပါ။ ပူး ပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းကိုလည်း နိုင်ငံရေးခေါင်းဆောင်တွေ ကြံဆလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ယနေ့တိုင် အောင်မြင်မှု မရသေးတာလည်း အထင်အရှား ပါပဲ။ ဒီလိုဖြစ်နေရတာဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု အခိုင်အမာ မတည်ဆောက် နိုင်သေးလို့ပါပဲ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု ပေါင်းစည်းမိသွားမှာကို စစ် ခေါင်းဆောင်ကြီးတွေ အစိုးရိမ်ဆုံးပါ။
၁၉၈၈ ဒီမိုကရေစီ အရးတော်ပုံကြီးမှာ လက်နက်ကိုစီနဲ့ ဆန္ဒပြဖို့ ထွက်လာတဲ့ စစ်သည် တွေကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ဖျောင်းဖြပြောဆိုပြီး တပ်မှာသေနတ်တွေ ပြန်အပ်ခိုင်းတာကို မှတ်မိကြမှာပါ။ စစ်တပ်ထဲမှာ အကြပ်အတည်းတွေ့ချိန်၊ ထိန်းသိမ်းရ ခက်ခဲချိန်မှာ ဒီမိုကရေစီရေး ခေါင်းဆောင်တွေက ထွက်ပေါက်ပေးသလိုဖြစ်သွားပါ တယ်။ ၁၉၄၉ ခဝဲခြံ တိုက်ပွဲဖြစ်ပွားစဉ်ကလည်း ဒီအခြေအနေမျိုးဖြစ်ခဲ့ပုံရပါတယ်။ လူထု ခေါင်းဆောင်တွေကသာ စစ်ခေါင်းဆောင်တွေအပေါ် မပြတ်သားတာပါ။ စစ်ခေါင်း ဆောင်တွေကတော့ ပြတ်သားလွန်းလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု နာလန်မထူနိုင် အောင် ဖြစ်နေရပါတယ်။ တကယ်တမ်းမှာလည်း လူထုအုံကြွမှု အထွတ်အထိပ်ကို ရောက်လာလို့ စစ်တပ်ထဲက မကြေနပ်မှုတွေ လမ်းပေါ်ရောက်လာတာပါ။ ပုံမှန်အခြေအ နေမှာဆိုရင် ကြိတ်မှိတ်ခံစားနေကြတာများပါတယ်။
နောက်တခုကလည်း စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေဟာ ယူနီဖောင်းဝတ်အချင်း ချင်းထက် လူထုခေါင်းဆောင်တွေပေါ်မှာ ပိုပြီးစိုးရိမ်ထိတ်လန့်တတ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ စစ်ဗိုလ်တစ်ဦးရဲ့ အာဏာစက်က အကန့်အသတ်ရှိပြီး လူထုခေါင်း ဆောင် တဦးရဲ့ အရှိန်သြဇာကတော့ အတိုင်းအဆမရှိ လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့်မို့ စစ်တပ်နဲ့ ပြည်သူလူထု နီးစပ်မှုမရှိအောင် “တပ်မတော်သာ အမိ တပ်မတော်သာ အဖ” ဆိုပြီး အတင်းဝါဒဖြန့် ရိုက်သွင်းနေတာပါ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု အ နေစိမ်းလေ မသင့်မမြတ်ဖြစ်လေ သူတို့ရဲ့အာဏာ ကုလားထိုင်တည်မြဲလေပဲပေါ့။
ဥပမာ-အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကိစ္စကိုကြည့်ပါ။ ယနေ့ထက်တိုင် ပြည်တွင်းပြည် ပမှာ သောသောညံအောင် ပြောဆိုနေကြတာက ပြည်သူလူထု အဓမ္မလုပ်အားပေး စေ ခိုင်းခံရတဲ့ ကိစ္စပါ။စစ်တပ်တွင်းမှာလည်း အဓမ္မလုပ်အားပေး ကိစ္စရှိတယ်လို့ပြောရင် ယုံ ကြမှာတောင် မဟုတ်ပါဘူး။ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၃) ရပ် ဆိုတာရှိပါ တယ်။ (၁) စစ်တိုက်ရန် (၂) စစ်တိုက်ရန်မရှိက လေ့ကျင့်ရေး ပြုလုပ်ရန် (၃) လေ့ကျင့် ရန်မရှိက ပြည်သူ့အကျိုးပြု လုပ်ငန်းလုပ်ရန်- စတာတွေဖြစ်ပါတယ်။ လမ်းဖောက်၊ ဆည်ဆောက်လုပ်ငန်းတွေမှာ စစ်သည်တွေ ပါဝင်လုပ်အားပေးနေတာတွေ့ဖူးကြမယ် ထင်ပါတယ်။ အဲဒီအတွက် လုပ်အားခ တပြားတချပ်မှ မရပါ။
ကျနော်တို့နဲ့ သင်တန်းမှာ ဆုံကြတဲ့ အာမီ (ကြည်းတပ်) စစ်သားတွေက “ရှေ့တန်းထွက် နေရတာ၊ သင်တန်းတက်ရတာ ပျော်တယ်။ နောက်တန်းမှာဆိုရင် လုပ်အားပေးသွားရ တာနဲ့ နားရတယ်လို့ မရှိဘူး။” လို့ပြောကြတယ်။ ကျနော်တို့ရေတပ်မှာလည်း ဒီအတိုင်း ပါပဲ။ တပ်သစ်တွေမှာဆိုရင် ပိုဆိုးတယ်။  လမ်းဖောက်မြေညှိတဲ့အလုပ်တွေကို ရဲဘော် လုပ်အားနဲ့ တည်ဆောက်ကြတာ။ တချို့ရဲဘော်တွေဆိုရင် ပင်ပမ်းဒဏ်ပိတာက တမျိုး ငှက်ဖျားကြောင့် တစ်မျိုး သေကြရတယ်။ ကိုယ်တိုင် ပင်ပင်ပမ်းပမ်းလုပ်ထားဖူးတဲ့ စစ် သားက လူထုလုပ်အားပေးကို ဦးစီးကွပ်ကဲရတဲ့အခါ “ငါတောင်လုပ်ခဲ့သေးတာ သူတို့လဲ လုပ်ရမှာပေါ့” ဆိုတဲ့ စိတ်မျိုး ၀င်လာတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်ရှိတယ်ဆိုတာက တဦးချင်းအသိနဲ့ ဆိုင်ပါတယ်။ တိုင်းပြည်အတွက် လုပ်ရတာဆိုပြီးတော့ လူထုနဲ့ တပ်မ တော်အကြား စိတ်ဝမ်းကွဲသွားတယ်။ တကယ်ကျတော့ သူအကျိုးလည်းမဟုတ်၊ ကိုယ့် အကျိုးလည်းမဟုတ် အားလုံးရဲ့ ဂုတ်ပေါ်မှာ ခွစီးထားတဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ တုပ် တုပ်မှမလှုပ်။ သူတို့မဟုတ်သလို။ သူတို့မလုပ်သလို။ စစ်တပ်အောက်ခြေပိုင်း အရာရှိ/ စစ်သည်တွေကသာ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတာပါ။
ကျောက်ဖြူမှာ ဓည၀တီ ရေတပ်စခန်း ဌာနချုပ် တည်ဆောက်ခါစတုန်းကဆိုရင် ဒုဗိုလ် မှူးကြီးတွေက သစ်တုံးမ,ပေးရတယ်။ ဗိုလ်ကြီးတွေက ကျောက်ထမ်းရတယ်။ ရဲဘော် တွေဆိုတာ မပြောပါနဲ့တော့။ ကျွန်တော့်သူငယ်ချင်းတယောက်ဟာ အလုပ်ကပင်ပမ်း၊ အစားအသောက်ညံ့လွန်းတော့ အားနည်းပြီး အဖျားဝင်သွားတာ ရောဂါအတော်ကျွမ်းမှ ကျောက်ဖြူဆေးရုံကတဆင့် မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ပေးရတယ်။ ဆေးရုံကဆင်းတော့ သူ့အိမ်မှာ တလလောက်ပြန်နားပြီး အားမွေးယူရတယ်။ အခုတော့ အဲဒီသူငယ်ချင်း တပ် ကထွက်ပြေးသွားပါပြီ။ ဟိုင်းကြီးရေတပ်စခန်းမှာလည်း ရဲဘော်တွေလုပ်အားနဲ့ ပုဇွန်မွေး မြူရေးကန်တွေတူးပြီး ဌာနချုပ်မှူးက ပုဂ္ဂလိက လုပ်ငန်းရှင်ကို ရောင်းစားတာရှိခဲ့ဖူးပါ တယ်။
ကျနော်ပြောချင်တာက စစ်တပ်အပေါ် အကောင်းမြင်သက်သက်မဟုတ်သလို အဆိုးမြင် ချည်းလည်း မမြင်မိဖို့ပါပဲ။ စစ်တပ်ထဲမှာ အတန်းအစားအမျိုးမျိုး၊ စရိုက်အမျိုးမျိုး ရှိပါ တယ်။ သေချာတာက တပ်မတော်သား အများစုဟာ ဒီိမိုကရေစီဆိုတဲ့ စကားလုံးနဲ့ အ လှမ်းဝေးနေပေမယ့် လွတ်လပ်မှုကိုတော့ နှစ်သက်မြတ်နိုးကြပါတယ်။
ဒီတော့ စစ်တပ်ကိုချဉ်းကပ်တဲ့နေရာမှာ တဦးချင်းဖြစ်ဖြစ်၊ အစုလိုက်ဖြစ်ဖြစ် ကိုယ်နဲ့ နီး စပ်ရာကနေ အစပြုသင့်ပါတယ်။ NLD လူငယ်တွေ အမှတ်(၂) စစ်ဆေးရုံမှာ သွေးလှူ ဒါန်းတာကောင်းပါတယ်။ အဲဒီမှာ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေ တက်ရောက် ကု သတာ မဟုတ်လား။ အပြောင်းအလဲဖြစ်ဖို့အတွက် စစ်တပ်တခုလုံးက ထောက်ခံလာ ဖို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော် စစ်တပ်အတွင်းက အစိတ်အပိုင်း တခုနဲ့ ယုံ ကြည်မှုတည်ဆောက်ထားနိုင်ရင် ရှေ့ခရီးဆက်လို့ရပါပြီ။ အထူးသဖြင့် အင်အားထု ထည်ကြီးမားပြီး ပြည်သူလူထုနဲ့ နီးစပ်မှုရှိတဲ့ အောက်ခြေထုကို ဦးတည်ချက်ထားသင့် ပါတယ်။ အထက်အမိန့်ဆိုတာ နာခံမယ့်သူ ရှိမှ အကျိုးသက်ရောက်ပါတယ်။ ဆိုဗီယက် ပြည်ထောင်စု အာဏာပြိုကွဲသွားပုံကိုကြည့်ပါ။
ကျနော့်အတွေ့အကြုံကိုပြောရရင် စစ်တပ်ထဲမှာ အောက်ခြေထုညီညွှတ်တဲ့အခါ အ ထက်အရာရှိတွေ အလျှော့ပေးရပါတယ်။ တခါက စစ်ရေယာဉ်တစီးမှာ စစ်သည်တွေ အားလုံးညှိပြီး အိပ်နေကြလို့ ရေယာဉ် စက်နှိုးဖို့ အခက်အခဲရှိပြီး စစ်ရေယာဉ်မှူး အခက် ကြုံရဖူးပါတယ်။ ကိုယ့်ဖက်ကအားနည်းရင် အလျှော့ပေးစေ့စပ်မှုလုပ်တာဟာ စစ်ခေါင်း ဆောင်တွေရဲ့ စရိုက်သဘာဝဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ ထောက်ခံမှုမရတဲ့ အစိုးရတစ်ရပ်ဟာ စစ်တပ်အောက်ခြေထုကပါ အ မိန့်မနာခံတော့ဘူးဆိုရင် ဘယ်လိုအာဏာရှိတော့မှာလဲ။ စစ်ဗိုလ်ချုပ်ကြီးတွေ တန်ခိုး ထွားနေတာဟာ အနုမြူလက်နက်ကြောင့် မဟုတ်ဘဲ သူတို့အမိန့်အတိုင်း အကောင်အ ထည်ဖော် ဆောင်ရွက်ပေးနေတဲ့ လက်အောက်ခံ အရာရှိ/ စစ်သည်တွေကြောင့်သာ ဖြစ် ပါတယ်။ “ပြည်တင်းမင်းမခံနိုင်” ဆိုတဲ့ မြန်မာဆိုရိုးစကားပုံကိုလည်း ရှိတယ်မဟုတ်ပါ လား။

တပ်ကြပ်ကြီး – နေမင်းသူ



-ကူးယူဖော်ပြခွင့်ပြုကြသော ဆောင်းပါးရှင် တပ်ကြပ်ကြီး-(ကို)နေမင်းသူ နှင့် နေ့သစ်မီဒီယာ ( http://www.naytthit.net/) တို့အား
ကျေးဇူးအထူးတင်ရှိပါသည် ။

Friday, December 10, 2010

ကိုကြည့်အတွက်စကား

ကိုကြည်ရေ
       Comments box ထဲကနေပြန်ရေးရင် အရှည်ကြီးဆို တစ်ခုလုံးမပေါ်ပဲ တဖြတ်တဖြတ်လိုက်ဖတ်နေရရင် အဆင်မပြေမှာစိုးလို့ ပို့စ် တစ်ခုအနေနဲ့ရေးပါရစေ ။
 အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် အကို ။ ကျနော်ဗမာ မဟုတ်ပေမဲ့ ဗမာ တွေကိုအသား
လွတ်ကြီးမုန်းတဲ့ အထဲမှာမပါပါဘူး။ ကျနော့်မှာ ကျနော့်ကိုချစ်ကြတဲ့ ကျနော်ကလည်းချစ်တဲ့ ဗမာ သူငယ်ချင်း
အရင်းခေါက်ခေါက်တွေအများကြီးပါ အကို ။ ပြီးတော့ ကျနော်တို့မှာ ဗမာ ဖြစ်ရမယ် မွန် ဖြစ်ရမယ် ကရင်ဖြစ်ရမယ်
ရခိုင်ဖြစ်မယ် အဲဒီလိုရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ဗမာ အမိနဲ့အဖ ကမွေးရင်ဗမာ ဖြစ်မယ်။ ကရင် အမိနဲ့အဖကမွေးရင်ကရင်ဖြစ်မယ်။ကျနော်တို့မိဘနဲ့မျိုးရိုးကို ကျနော်တို့ ရွေးလို့မရပါဘူး။   ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် ထဲမှာဝင်ရေးတာ ရဲဘော်ကျော်သန်း ရဲ့ အာဘော်နဲ့ အမြင်ကို သဘော
မတူလို့ ရယ် ၊ အခုမှစလုပ်တဲ့ ဘလော့ဂ် လူသိအောင် ကြော်ငြာတဲ့သဘောရယ် ပါ။ ဆရာလွဏ်း ဘလော့ဂ်မှာ ကိုကြည် ဖတ်မိတဲ့ မှတ်ချက်က  တိုတိုလေးတစ်ခု
ထင်ပါတယ် ။တိုင်းရင်းသားတွေဖက်ကအမြင်နဲ့ ခံစားချက်ကို ကျနော်  ရှည်ရှည်ဝေးဝေး ရေးထားတာ တစ်ခု ရှိပါတယ်။ အဲဒါကို ဆရာလွဏ်း က စကားလုံး
အသုံးအနှုန်းတွေ Sensitive  ဖြစ်လွန်းတယ်ထင်လို့လားမသိဘူးဗျ ကျနော်ဝင်ရေးပြီးမကြာဘူး အကုန် ဖျက်ပစ်လိုက်ပါတယ်။ ပြီးတော့ ကျနော့် ဘလော့ဂ် ကို ကြော်
ငြာပေးထိုးပေးမယ်လို့ အီးမေးလ် ပို့ထားပေမယ့် ခုထိတော့ ကျနော့် ပို့စ်တွေ သူ့ဘလော့ဂ် ပေါ်မှာ ပေါ်မလာသေးပါဘူး။ သင့်မြတ်ရေးကို ဦးတည်ထားလို့
သဘောမကျတာလား ၊ သူ့ဟာသူ အလုပ်များနေလို့လား မသိဘူး ကိုကြည်ရေ ။ ရှိစေဗျာ ။
အကိုစဉ်းစားကြည့်ဗျာ ။ ရဲဘော်ကျော်သန်း က တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကိုလက်ညိုးထိုးပြီးတော့ သူကိုယ်တိုင်
ကျတော့ ကိုထွန်းအောင်ကျော် အကြမ်းဖျဉ်း အဆိုပြုထားတဲ့ သုဝဏဘူမိ ဆိုတဲ့ တိုင်းပြည်ရဲ့ နာမည်သစ် ( ဒါတွေက စိတ်ကူးယဉ်ဆန်ပါတယ်ဗျာ၊
အဝေးကြီးလိုပါသေးတယ် ၊ သူတို့တွေတင်ပြလာလို့ ပြန်ဆွေးနွေးကြတဲ့သဘောပါ ) ကိုကန့်ကွက်ပြီး တိုင်းရင်းသားတွေလုံးဝ မကြိုက်တဲ့ ဗမာပြည် ဆိုတဲ့
နာမည်ကိုပဲ သုံးမြဲတိုင်းဆက်သုံးကြဖို့ အချက်အလက်တွေနဲ့ ပြန်တင်ပြတာ။ အဲဒီတော့ ကျနော်က ရှေးတုန်းက မွန်ဘုရင်တွေ အုပ်ချုပ်ခဲ့တဲ့ သထုံ ကို
သုဝဏဘူမိ လို့ခေါ်ခဲ့ကြဖူးတော့  မွန်အငွေ့အသက်များ လို့ သုဝဏဘူမိ ဆိုတဲ့နာမည်ကို မကြိုက်တာလားလို့ ပြန်မေးခွန်းထုတ်ထားတာ ။ ပြီးတော့
 ကျနော်ကိုယ်တိုင် မွန် မဟုတ်ပေမဲ့ ရွှေရောင်တဝင်းဝင်းနဲ့ စေတီပုထိုးတွေပေါတဲ့ ပြည်ကို သုဝဏဘူမိ ( ရွှေမြေ ) လို့ခေါ်တာ ဘာမှကန့်ကွက်စရာ
မရှိပါဘူး လို့ ပြန်တုန့်ပြန်ထားတာ ။
ကျနော်လူမျိုးရေးကို ဆွေးနွေးချင်စိတ်မရှိပါဘူး။ အခုစကားစပ်မိ လို့ နည်းနည်းပြောဖြစ်တာပါ။ ပြီးတော့ ကျနော်ကတိုင်းရင်းသားဆိုပေမယ့်
ခွဲထွက်ရေးထက် ဖက်ဒရယ် ကိုပဲပိုအားသန်ပါတယ် ။ကျနော်တို့ သာမာန်ပြည်သူတွေကို မတူသလို မတန်သလိုနှိမ်၊ အစိုးရကိုကျတော့ ကာဆီးဆီးလုပ်ပြီး အမြတ်ထုတ်နေတဲ့  ထိုင်း ၊ မလေးရှား နှင့် စင်င်္ကာပူ တို့နဲ့ စီးပွါးရေးအရယှဉ်ပြိုင်ဖို့ ပိုစိတ်ဝင်စားလို့ပါ။
အဲဒီလို ယှဉ်ပြိုင်ဖို့ဆို အခုလက်ရှိ ရှိနေတဲ့ နယ်မြေ အကျယ်အဝန်း လူဦးရေပမာဏ နဲ့မှဖြစ်နိုင်လိမ့်မယ်လို့လည်းထင်ပါတယ် အကို ။
ကျနော့်သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် ၊ မြန်မာပြည် ပြောင်းလဲတိုးတက်သွားရင် သူတို့ထက်သာသွားမှာစိုးလို့ မနာလိုဖြစ်နေတာ
လည်းပါမယ်တဲ့ ။ မဟုတ်ဖူးပြောလို့မရဘူး ဗျ ။ တရုတ် နှင့် အိန္ဒိယ ရဲ့ကြားမှာ ရှိနေပြီး အိန္ဒိယ သမုဒ္ဒရာ ကိုမျက်နှာမူထားတဲ့ တဲ့မြန်မာပြည်ကို ပထဝီနိုင်ငံရေး ( Geopolitics ) အရ အရေးမကြီးချင်လည်း သိပ်ကိုအရေးကြီး တဲ့နေရာမှာရှိနေတယ်လို့ ဒေသတစ်ခုလုံးက လက်ခံထားကြတာ။
ဟုတ်ပြီ ကိုကြည်ရေ ။ အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ ထပ်ပြောပါရစေ။ ပြီးတော့ တစ်ဆက်တည်း ဗျာ အကို့သူငယ်ချင်းတွေဆီ ဒီ လင့်ခ် ကို  Forward လုပ်ပြီး ကြော်ငြာပေးဖို့တောင်းဆိုပါရစေ။

 ကိုကြည်ကျန်းမာရွှင်လန်းကြပါစေခင်ဗျား,
 
      လေးစားစွာဖြင့်

The Universal Declaration of Human Rights in Burmese[1]

ကျနော်တို့သင့်မြတ်ကြရအောင် ( ၂ )

  လွတ်လပ်ရေး ရပြီးကတည်းက ဖဆပလ အစိုးရ  က တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အသိအမှတ် မပြုလို့ လက်နက်ကိုင်တော်လှန်နေခဲ့ကြတာ
ခုချိန်ထိ မပြီးသေးပါဘူး ။အခုနယ်စပ် တစ်လျှောက်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေ အကုန်လုံး က သက်ဆိုင်ရာ လူမျိုးစုအသီးသီး  ရဲ့ ဘဝ တိုးတက်ဝပြောရေး
အတွက် တိုက်ခဲ့ကြပေမယ့်  လို့ အခုချိန်ထိ သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေမတွေ့ရပါဘူး။တိုးတက်မှု အနည်းအကျဉ်း ရှိတယ်ဆိုရင်တောင် အများစုတွေရဲ့ ဘဝက
 ပြောင်းလဲတိုးတက် သွားတာထက် အစိုးရ စစ်တပ် နဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲ ဖြစ်တဲ့အချိန် စစ်ပြေးရတဲ့ ဒုက္ခ ကပိုကြီးမှာပါ ။ ကျနော် က နှစ်ခြောက်ဆယ် ပြည်တွင်း
စစ်ရဲ့ ရလဒ် ကို ကျနော့်တကိုယ်စာ အမြင်နဲ့ အကြမ်းဖျင်း ပြောပြတာပါ ။ လက်နက်ကိုင်တိုက်ပွဲဝင်တာ မှန်သလားမှားသလား ဆိုတဲ့ ကိစ္စက နောက်ကခေါင်းစဉ်တစ်ခု အနေနဲ့
ဆွေးနွေး မှ ရမှာပါ ။
ပြီးတော့ လက်နက်မကိုင်ပဲ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာလည်း ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးကတည်းက ခု နောက်ဆုံး ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး
အထိ အစိုးရ အဆက်ဆက်က အကြမ်းဖက် ဖြေရှင်းလို့ အပြောင်းအလဲတစ်ခုဖြစ်သွားတယ်ဆိုတာထက်ရဟန်းရှင်လူပြည်သူ တွေရဲ့ အသက်
နှင့်ဘဝ တွေဆုံးရှုံးခဲ့ကြရတာပဲအဖတ်တင်ကျန်ခဲ့တာပါ။၁၉၈၈ မှာဖြစ်ပွါးခဲ့တဲ့ ၈၈ အရေးတော်ပုံ ကြောင့် မဆလ အစိုးရ ပြုတ်ကျသွားတာ
အပြောင်းအလဲ မဟုတ်လို့ဘာလဲ လို့ ထောက်ပြရင်တောင် အဲဒါဟာ အစိုးရ အပြောင်းအလဲ ပဲဖြစ်ခဲ့တာပါ။ စံနစ်တစ်ခု ပြောင်းလဲသွားခဲ့
တာမဟုတ်ပါဘူး။ ကျနော်တို့ လိုချင်တဲ့ လောကပါလတရားထွန်းကားတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်မလာခဲ့ပါဘူး။ အဲဒီလိုလမ်းတွေပေါ်ထွက်ဆန္ဒပြတာ အလကား လို့တော့မပြောရဲပါဘူး။ အဲဒီလိုပြောလိုက်ရင် ခေတ်အဆက်ဆက်
အသက်ပေးခဲ့ကြတဲ့အာဇာနည်တွေ ၊ အခုအကျဉ်းထောင်တွေထဲမှာ ကြံ့ကြံ့ခံ နေကြတဲ့ သူတွေကို အကြီးအကျယ်
စော်ကားတာပါပဲ။  တစ်ချို့ ဒီမိုကရေစီရေး
လှုပ်ရှားသူတွေက ၈၈ အရေးတော်ပုံ နောက်တစ်ခုထပ်ဖြစ်ဖို့ မျှော်မှန်းနေကြပါတယ် ။ ဖြစ်ချင်ရင်လည်း ဖြစ်မယ် ။ မဖြစ်နိုင်ဘူးလို့ ကျနော်
အပြတ်မငြင်းချင်ပါဘူး။ ဒါပေမဲ့ ဖြစ်လာခဲ့လို့ရှိရင် ကျနော်တို့လိုချင်တဲ့ အပြောင်းအလဲ မျိုးဖြစ်မဖြစ် မသေချာပေမယ့် အစိုးရက အကြမ်းဖက်ဖြိုခွင်းမှာ သေချာနေတာမို့လို့ အသက်နှင့်ဘဝတွေထပ်ပေးကြရဦးမှာသေချာသလောက် ပါ။
မြဝတီတိုက်ပွဲ စဖြစ်တဲ့နေ့က ပြည်သူတွေ မဲဆောက်ဖက်ကို စစ်ပြေးကြရတဲ့ ဗီဒီယို သတင်းကိုကြည့်ပြီး  အကြီးအကျယ်
စိတ်ထိခိုက်ရပါတယ်။ ကျနော်တို့က စစ်လည်းမတိုက်ဖူး၊ စစ်ရဲ့အနိဋ္ဌာရုံ တွေကိုလည်းမကြုံဖူးတော့ ထစ်ကနဲ ဆို တိုက်မယ်ဆိုတာချည်း ဖြစ်ခဲ့ဖူး
ပါတယ်။အခုတော့ အကြမ်းပတမ်းနည်းတွေကိုရှောင်တာ ပြည်သူလူထုအတွက် အကောင်းဆုံးလို့လည်း တွေးမိပါတယ်။
စစ်တိုက်ဖူးတဲ့သူတွေက စစ်ရဲ့ဆိုးကျိုးကို နီးနီးကပ်ကပ်ပိုတွေ့ရလို့ သာမာန်အရပ်သားတွေထက်တောင်မှ စစ်ပွဲတွေကို ပိုမလိုလားတာပါလို့
မြဝတီ တိုက်ပွဲသတင်းတစ်ပုဒ်အောက်မှာ ရေးထားတဲ့ မှတ်ချက်တစ်ခုကိုလည်း ဖတ်လိုက်ရပါတယ်။ ဒီကေဘီအေ လက်ထဲမှာ ခဏ တဖြုတ်
အဖမ်းခံခဲ့ရတဲ့ ဗိုလ်ကြီးကျော်သက် ကလည်း ဒီကေဘီအေ လက်ကလွတ်ရင် မိသားစုနဲ့ အတူအေးအေးလူလူပဲ လုပ်ကိုင်စားသောက်တော့မယ်လို့
ပြောသွားပါတယ်။ဗိုလ်ကြီးကျော်သက် ကို ပြန်မလွှတ်ခင် အင်တာဗျူးတဲ့ ဒီကေဘီအေ တပ်မှူးကလည်း တွေ့ဆုံဆွေးနွေးရေးနဲ့သာ ငြိမ်းချမ်းရေး
ကိုတည်ဆောက်နိုင်မယ်ဆိုတဲ့ သူ့ရဲ့သဘောထားကို ပြောသွားပါသေးတယ်။
ဒီတော့ဗျာ အကုန်လုံးမဟုတ်ရင်တောင် တော်တော်များများက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းရတာကို ပိုသဘောကျကြလိမ့်မယ်လို့
ယုံကြည်ပါတယ်။
 အဲဒီတော့ ဒီကနေ စပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ကျနော်တဲ့တိုးပဲပြောပါတော့မယ်။ တော်တော်များများက အမျိုးသားပြန်လည်သင့်
 မြတ်ရေးလို့ တစ်ဖက်ကပြောပြီး တစ်ခြားတစ်ဖက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတွေကို နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံး
တင်ဖို့လှုပ်ဆော်နေကြ တဲ့ လိုက်လျောညီထွေမဖြစ်တဲ့ အလုပ်နှစ်ခုကို တစ်ပြိုင်ထဲလုပ်ကြတော့ ဘယ်လိုနားလည်ရမှန်းမသိတာ အမှန်ပဲဗျာ။
 ။ အဖြေကရှင်းရှင်းလေးဗျာ။ လူတစ်ယောက်ကို ကိုယ့်နွား ခိုးပါတယ်ဆိုပြီး သူကြီး ကိုထိပ်တုံးခတ်ဖို့ သွားပြော၊ တစ်ချိန်ထဲမှာပဲ သူငယ်ချင်း
ငါ့နွားပျောက်သွားလို့ကွာ မနက်ဖြန် လယ်ထွန်ဖို့ မင်းနွားခဏလောက်ငှါးပါ ဆိုဘယ်သူကလက်ခံမှာလဲ။
 တစ်ဖက်နှင့်တစ်ဖက် တင်းတင်းမာမာတွေဆက် လုပ်နေကြရင် တိုင်းပြည်က စုပ်သထက်စုပ်ဖို့ပဲရှိတော့တယ် ။ ကျနော်တို့ဖက်က ခွင့်လွတ်စရာရှိတာ
ခွင့်လွတ်ကြမှ တစ်ဖက်ကလည်း ပျော့ပျော့ပျောင်းပျောင်းဖြစ်လာမှာ ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားရမှာက အဓိက က တိုင်းပြည်ရဲ့ အနာဂတ်
သာယာလှပဖို့ပါ ။ ဗိုလ်ချုပ်ကြီးတွေကို ခုံရုံးတင်ဖို့ မဟုတ်ပါဘူး ။
   ၁၉၉၀ ရွေးကောက်ပွဲ  အနိုင်ရပြီး  NLD သတင်းစာရှင်းလင်းပွဲလုပ်တော့
သတင်းထောက်တစ်ယောက်က အစိုးရဖွဲ့ပြီးရင် အာဏာသိမ်းဗိုလ်ချုပ်တွေကို စစ်ခုံရုံးတင်ဖို့ရှိသလား လို့မေးတော့ အန်ကယ်ဦးကြည်မောင်က
မြန်မာနိုင်ငံမှာ စစ်ဗိုလ်ချုပ်တွေအတွက် နုရင်ဘတ်လို စစ်ခုံရုံးမျိုး မလိုအပ်ပါဘူးလို့ ပြန်ဖြေ ပါတယ်။ မလိုအပ်ပဲနဲ့ အာဏာရှင်အများစုကြောက်ကြ
တဲ့ နုရင်ဘတ် ဆိုတဲ့စကားကို ဘာလို့ထည့်ပြောသလဲဗျာ။ ပိုဆိုးတာက အဲဒီမေးခွန်းမေးတဲ့သတင်းထောက်က သတင်းကိုမူရင်းအတိုင်းမရေးပဲ
ကွင်းစကွင်းပိတ်နဲ့ ( ဥပမာ - ဗိုလ်ချုပ်ခင်ညွန့် ) လို့ ထည့်ရေးတော့ ပိုဆိုးကုန်ရော။ အဲဒီသတင်း ကို ဗိုလ်ချုပ်ခင်ညွန့် တွေ့တော့ သူတို့ကို ခြိမ်းခြောက်
စကားပြောတယ်ဆိုပြီး အန်ကယ်ဦးကြည်မောင် ကို အကြီးအကျယ်ဒေါသထွက်ပြီး ထောင်ထဲထည့်ဖို့ကြိုးစားတော့တာပဲ ။ အန်ကယ်ဦးကြည်မောင်လည်း
မရှိတော့ပါဘူး။ မရှိတော့ ( ကွယ်လွန်သွား ) တဲ့ သူကို အပြစ်မတင်ကောင်းဘူး ဆိုတဲ့စကားကြောင့် ရှည်ရှည်ဝေးဝေး ဆက်မပြောတော့ပါဘူး ။ ဒါပေမဲ့ တိုင်းပြည်
ကံကြမ္မာ ကိုယ့်လက်ထဲ ရှိနေတဲ့အချိန်မှာ စကားကို ချိန်ချိန်ဆဆ ပြောဖို့လိုတယ်လို့တော့ထင်တာပဲဗျာ။
 အခု ကျနော် စစ်တပ်ထဲက ညီအကိုတွေနဲ့ စကားပြောချင်တယ် ဆိုတာလည်း သူတို့ကို စည်းရုံးပြီး ဗိုလ်ချုပ်ကြီးတွေကို အာခံ ၊ အဲဒီလိုမဟုတ်ပါဘူး ။ သူတို့ကို
စည်းရုံးလို့လည်းရမှာမဟုတ်ပါဘူး။ သူတို့တွေက စည်းရုံးရေးပညာကို ကိုယ့်ထက်တောင်ပိုတတ်လို့ ကိုယ့် ကို စည်းရုံးသွားဖို့ က ဖြစ်နိုင်ခြေပိုများပါမှာ။
 သူတို့ခံစားချက်တွေကို နားထောင်၊  ကျနော်တို့ ခံစားချက်တွေ ကိုပြောပြ ၊ အမြင်မတူတာတွေရှိ ကြေကြေလည်လည်ဆွေးနွေး ၊ ပြီးတော့ ကျနော်တို့ ဆွေးနွေး
ငြင်းခုန်ထားတာတွေ နှစ်ဖက်စလုံးကလူကြီးတွေ  ဖတ်မိ ၊ ဖတ်ဖြစ် အောင်နည်းလမ်းရှာကြိုးစား ၊ ကျနော်စဉ်းစားမိတာ အဲဒီလိုပါ ။
   နောက်ကျနော် သေချာပေါက် ပြောရဲတာတစ်ခု က ဗိုလ်ချုပ်ကြီးတွေကို တိုင်းပြည် စနစ်ပြောင်းလဲသွားရင်လည်း သူတို့ရဲ့ အသက် အိုးအိမ် စည်းစိမ် နဲ့ မိသားစုဘဝ အနေအထားကို လုံးဝထိခိုက်မှု မရှိစေရပါဘူးဆိုတဲ့ အာမခံမှုမျိုး ကို အခိုင်အမာ မပေးနိုင်မချင်း ဒီဖက်ကလူတွေနဲ့  တွေ့ဆုံဆွေးနွေးဖို့ စဉ်းစားမှာ မဟုတ်ဘူး ဆိုတာပါပဲ။
ဒီဘလော့ဂ် ကို ပြည်တွင်းကညီအကိုမောင်နှမတွေကိုလည်းဖတ်စေချင်တဲ့အတွက် အစိုးရ ဆန့်ကျင်ရေးစာတွေရေးဖို့
လုံးဝအစီအစဉ်မရှိပါဘူးခင်ဗျ။ ဒီအပေါ်အားမလို အားမရဖြစ်မဲ့ညီအကိုတွေ ရှိကောင်းရှိမှာပါ ။ အခု အစိုးရဆန့်ကျင်ရေး
တစ်လုံးမှမပါတာတောင် ကျနော်နဲ့ အီးမေးလ် အဆက်အသွယ်ရှိကြတဲ့ပြည်တွင်းက သူငယ်ချင်းတွေက ကျနော်ပို့ထားတဲ့ လင့်ခ် ကို
ဖွင့်လို့ မရပါဘူးတဲ့ ။ ပြီးတော့ အစိုးရဆန့်ကျင်ရေးတွေရေးရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ လက်ရှိဦးတည်ချက်နဲ့ လည်း
ကန့်လန့် ဖြစ်နေပါလိမ့်မယ်။ နောက် အစိုးရဆန့်ကျင်ရေးတွေရေးနေယုံနဲ့ ကျနော်တို့ချစ်တဲ့ တိုင်းပြည်ကြီး သာယာဝပြောလာလိမ့်မယ်
လို့ ကျနော် မယုံကြည်လို့ပါ ။

အခုဒီပို့စ် နဲ့ တစ်ဆက်တည်းပြောစရာတစ်ခုရှိတယ်ဗျ ။ ကျနော့် Comment Setting  ကို မသိဘဲနဲ့    Moderatoin လုပ်ထားမိတော့ Comments တွေ Automatic  တက်မလာဘူး ။
မှတ်ချက်လာပေးသွားတဲ့ ညီအကိုနှစ်ယောက် သူတို့ Comments တွေချက်ချင်းတက်မလာလို့ စိတ်ပျက်နေလောက်ပြီ။ အဲဒီအတွက် အနူးအညွတ်
တောင်းမှန်ပါတယ်ခင်ဗျာ။ အခု Setting Change လိုက်လို့ ချက်ချင်းရေး ချက်ချင်းဖတ်လို့ရပါပြီဗျာ ။
ချစ်သောညီအကိုမောင်နှမများအားလုံးကျန်းမာရွှင်လန်းကြပါစေခင်ဗျား