Pages
Monday, January 10, 2011
ဗျိုင်းအရှင်ဖမ်းနည်း
လူဗိုလ်
(၁)
            နို့ဖိုးဒုက္ခသည်စခန်းကိုရောက်မှ ကရင်နှစ်သစ်ကူးပွဲတော်နှင့်ကြုံတာ ဒီနှစ်ဆို(၄)ကြိမ်ပြည့်တော့မယ်။ မနှစ်က ပွဲဆို အတော့်ကိုစည်တာ။ တိုင်းရင်းသားညီညွတ်မှုတည်ဆောက်ရေးကော်မတီဆိုတာ ဖွဲ့စည်းပြီးစလည်းဖြစ်နေတော့ တိုင်းရင်းသားရိုးရာ တင်ဆက်မှုတွေကလည်း အပြိုင်အဆိုင်။ ကျနော်တို့ BNA ဗမာအမျိုးသားအသင်း(နို့ဖိုး)ကတောင် ဦးရွှေရိုး၊ ဒေါ်မိုးအကနဲ့ တပင်တိုင်အကတွေ တင်ဆက်ဖြစ်ခဲ့သေးတယ်။ ဒီအထဲမှာ အားအကောင်းဆုံးအစီအစဉ်က တော့ ဘာလဲမမေးနဲ့။ ကရင်ဒုံးယိမ်းအစီအစဉ်ပေါ့။ ကရင်နှစ်သစ်ကူးမို့ ကရင်ဒုံးယိမ်းအကက ပိုသာတာ မထူးပေမယ့်၊ ဒုံးယိမ်းပြိုင်ပွဲမှာ ကရင်မဟုတ်တဲ့တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ ကျနော်တို့ PAB ရပ်ကွက်အဖွဲ့က တတိယဆုယူသွား တာ ကတော့ အဆန်းသားမဟုတ်လား။
            ခုလည်း ကရင်နှစ်သစ်ကူးပွဲတော် နီးလာပြန်တော့ ဒုံးယိမ်းအဖွဲ့တွေတိုက်နေကြတာ ခြိမ့်ခြိမ့်သဲပဲ။ နို့ဖိုးစခန်း တခုလုံးလို့တောင် ပြောရင်ရမယ်။ အရွယ်စုံ၊ဆိုက်စုံ၊ ကာလာစုံ။ ဒီနှစ်လည်း  စည်ဦးမှာပါ။  
            ဒီလို ကရင်ဒုံးယိမ်းသံကြားရင် အလယ်တန်းကျောင်းသားဘ၀က ကျနော်တို့ကျောင်းမှာ ခေတ်စားခဲ့တဲ့ ဒုံး ယိမ်းသံစဉ်သီချင်းလေးကို သတိရမိတယ်။ ဆရာ၊ ဆရာမတွေကို နောက်ပြောင်ရင်းက ပေါ်လာတာလေ။
            “ဟေ့ ... ယုမောင်၊ ဘုမောင်၊ ထိပ်ပြောင်လားဟေ့ ...
            တောင်ဖက်ကျွန်းပေါ်မြစ်ဝနံဘေး ကရင်မ နော်သန်းငွေ” ဆိုတာပေါ့။
(၂)
            ညောင်လေးပင်မြို့၊ အမှတ်(၁)အထကကျောင်းကို မြို့အပြင်ထုတ်ပြီးစ ပညာသင်နှစ်အချိန်မှာပေါ့။
            ကျောင်းပတ်ဝန်းကျင်မှာက လယ်ကွက်တွေ၊ ထန်းတောတွေ၊ သင်္ချိုင်းကုန်းတွေ၊ ဘုန်းကြီးကျောင်းတွေချည်း သက်သက်ဆိုတော့ ကျောင်းမပျော်အဖွဲ့တွေအတွက် ခိုကိုးရာတွေက အပြည့်။ ဒီတော့ ကျနော်တို့ကျောင်းအုပ်ကြီးက ကျောင်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ကို ကျောင်းသားတွေကြောက်တဲ့၊ ကျောင်းသားတွေကိုကိုင်နိုင်တဲ့ ဆရာ၊ ဆရာမ တွေနဲ့ အသစ်ပြန်ဖွဲ့လိုက်တယ်။ ဒီအထဲမှာ ကျနော်တို့အလယ်တန်းဆရာတွေထဲက (၄)ဦးပါတယ်။ ဆရာဦးယုမောင်၊ ဆရာဦးလှမြင့်၊ ဆရာဦးထွန်းရွှေနဲ့ ဆရာမ ဒေါ်သန်းငွေတို့ပေါ့။ ဒီဆရာတွေအားလုံးက သူရဲကောင်းဆရာတွေချည်းပဲ။ အရည်အချင်းကိုယ်စီနဲ့။ ကျောင်းမပျော်အဖွဲ့တွေ တခါတည်းငြိမ်ကျသွားလောက်အောင်ကို စွမ်းကြတာ။
ဒီအထဲမှာ ဆရာဦးယုမောင်က ၀ိတ်သမား၊ လူပျိုကြီး။ သူ့ လက်ဖျံကြီး တလုံးတလုံးက နည်းတာကြီးမဟုတ် ဘူး။ အခန်းထဲစာသင်နေရင်း သူ့ ခြိမ်းခြောက်တဲ့အသံကိုက သူများထက်ထူးတယ်။
            “အခု ဆရာ ၀ိတ်ပြန် မနေပြီနော်။ သတိထားကြ” ဆိုကာ ကြိမ်လုံးကိုတစွစွနဲ့ သူ့လက်မောင်းကြွက်သား တွေကို ထုတ်ထုတ်ပြတတ်သေးတယ်လေ။ ဆရာဦးယုမောင် စာသင်ချိန်ဆို အတန်းထဲက အဆိုးဆုံးလို့သတ်မှတ်ထား တဲ့ “ဘိုနီ”လိုကောင်မျိုးတောင် ငြိမ်။   
            ဆရာမဒေါ်သန်းငွေကျတော့ တမျိုး။ အရိုက်ကြမ်းတဲ့ထဲမှာတော့ မပါဘူး။ ဒါပေမယ့် ကျောင်းသားတွေကို ကိုင်တတ်တယ်။ သူစာသင်နေတဲ့အတန်းတင်မကဘူး။ ဘေးအခန်းတွေက ဆရာ၊ ဆရာမ မရှိလို့ဆူညံနေရင်တောင် ၀င်ထိန်းတတ်တယ်။ ဆရာ မရှိလို့ဆိုပြီး ဆူမယ်၊ ဆော့မယ်လို့တော့မစဉ်းစားနဲ့။ မကြာဘူး ဆရာမဒေါ်သန်းငွေရောက် လာပြီ။
            “ကဲ အားလုံးပစ္စည်းတွေလွယ်အိတ်ထဲထည့်။ ပြီးရင် တရားထိုင်ကြမယ်။ အားလုံး ခုံပေါ်တက်ထိုင်ကြ။ မျက်စိ ကိုမှိတ်ထား။ မျက်စိထဲပေါ်လာတာတွေကိုလိုက်မှတ်။ ခဏနေ ဆရာမ ပြန်လာမေးမယ်။ ဘာတွေတွေ့လဲဆိုတာ မပြောနိုင်တဲ့လူ နာပြီသာမှတ် ”
            ဒါပဲပြောပြီး ပြန်ထွက်သွားပေမယ့် ဘယ်သူမှမလှုပ်ရဲ၊ အသံမထွက်ရဲကြ။ မျက်စိကိုအသာမှိတ်ထားကြရင်း သူပြောသလို လိုက်ကြည့်နေရတယ်လေ။ ရုတ်တရက် ရောက်လာတတ်ပြီး ဆူနေတဲ့သူကို အတန်းရှေ့ထွက်ခိုင်း၊ ဘာ မြင်လဲမေးရင် မဖြေနိုင်လို့ကတော့ အရိုက်ခံရပြီ။ ကျနော်ကတော့ မျက်စိလေးမှိတ်ထားပြီး သူမေးရင် ဘယ်လိုဖြေရမ လဲတွေးနေမိတယ်။ (၄၅)မိနစ် ပြည့်သွားလို့ သံချောင်းခေါက်သံကြားရမှသာ အချိန်ကုန်သွားမှန်းသိလိုက်ရတယ်။
            ဆရာဦးထွန်းရွှေကိုတော့ ကျောင်းသားအားလုံးက သူ့နောက်ကွယ်မှာ “ထိပ်ပြောင်”လို့ပဲ ခေါ်ကြတယ်လေ။ နဖူးကလည်းပြောင်သလားမမေးနဲ့ ဆံပင်က မရှိတော့သလောက်ဘဲ။ ဆရာထိပ်ပြောင်ကျတော့ တအားပါးတာ။ ကျောင်းသားတဦးချင်းစီရဲ့ အကြောင်းတွေကိုလည်း သိတယ်။ စကားသံကြားလိုက်တာနဲ့ ဘယ်သူပြောတယ်ဆိုတာ ဘလက်ဘုတ်မှာစာရေးနေရင်း လှည့်မကြည့်ဘဲနဲ့သိတယ်။ ဆရာထိပ်ပြောင်ပြောဖူးတဲ့ စာကျက်နည်းတခုဆိုရင် ခုထိ ကို မမေ့တာ။
            “တမနက်စောစောမှာ ဆရာ လမ်းလျှောက်ထွက်ကအပြန်၊ ကျောင်းသူတယောက်စာကျက်နေတာကို ခပ် လှမ်းလှမ်းထဲက ကြားနေရတယ်။ သူကျက်နေတာက ဧရာဝတီမြစ်အကြောင်း။ ဆရာ စကြားကတဲက ‘ဧရာဝတီမြစ် သည်၊ ဧရာဝတီမြစ်သည်’ ဟာ သူ့အိမ်ကိုလွန်ပြီး အိမ်သုံးလေးလုံးကျော်လည်း ဧရာဝတီမြစ်သည်က မပြီးဘူး ”
            “ဧရာဝတီမြစ်အကြောင်းကျက်တာပဲကွာ ဧရာဝတီမြစ်သည်ကို  ဒီလောက်ထည့်ကျက်နေဖို့မလိုပါဘူး။ မင်းတို့ လည်း ဒီဧရာဝတီမြစ်သည် စာကျက်နည်းမျိုးကို မသုံးမိကြစေနဲ့”တဲ့ မှတ်သားစရာ။
(၃)
            ဆရာဦးလှမြင့်ကိုတော့ ကျောင်းသားတွေက “ဘုမောင်”လို့ ကွယ်ရာမှာ ခေါ်ကြတယ်။ နောက်စေ့မှာ ဘုကြီး တလုံးက သိသိသာသာကြီးထွက်နေလို့။ ဆရာဘုမောင်က ကျနော်တို့အတန်းပိုင်ဆရာ။ စကားအပြောကောင်းပြီး၊ စာ သင်လည်း အရမ်းတော်တယ်။ သူက သင်္ချာသင်တာ။ ထူးတာက ဆရာဘုမောင်လမ်းလျှောက်ရင် လက်ပိုက်သလိုလုပ် ထားပြီး သူ့မေးစေ့ကို လက်တဖက်နဲ့ အမြဲတမ်း ထောက်ထောက်ထားတတ်တယ်။ ဒါကသူ့စတိုင်။
            ဆရာက သင်္ချာသင်ရင်တောင် သူများထက်ထူးတယ်။ လေ့ကျင့်ခန်းတခုသင်ပြီဆိုရင် ခက်တဲ့၊ ပညာပါတဲ့ အပုဒ်တွေလောက်ကိုပဲရွေးပြီး တွက်ပြ၊ ရှင်းပြတတ်တာ။ ကျန်တာတွေကို အဆင့်မရှိဘူးဆိုပြီး တွက်ပြလေ့မရှိဘူး။ အမှတ်ပေးပြီဆိုရင်လည်း အမှတ်(၁၀၀) ပေးထားတယ်ဆိုပါစို့။ အကုန်မှန်ရင် (၁၀၀) ရပြီး၊ မှန်တဲ့အပြင် သပ်ရပ်တယ်၊ ရှင်းတယ်။ မြန်တယ်ဆိုရင် (၁၀၁) အထိ ပေးတယ်။ မှတ်ချက်အနေနဲ့ “အလွန်ကောင်း၍ တမှတ်ပိုပေါင်းသည်” ဆိုတာ ကို ရေးပေးလိုက်သေးတယ်။ လေ့ကျင့်ခန်းစာတွေစစ်ပြီဆိုရင်လည်း အရင်ဆုံးလာပြတဲ့ (၁၀) ယောက်လောက်ကိုပဲ စစ်ပေးတယ်။ အချိန်ကအရေးကြီးလို့ မြန်နိုင်သမျှမြန်ဖို့ အမြဲတမ်းသတိပေးတတ်တယ်။
သင်္ချာကိုသင်ပေမယ့် ကျနော်တို့ကို ဗဟုသုတဖြစ်စရာတွေ အများကြီးပြောပြခဲ့ဖူးတယ်။ ကျောင်းက ပြဌာန်း ထားတဲ့စာတွေထက် ပြင်ပဗဟုသူတတွေကို ပိုပြောပြလေ့ရှိတယ်။ သူ့စကားတွေ၊ သင်ကြားမှုတွေထဲမှာ ကျောင်းသား တွေကိုပါ ပါအောင်ခေါ်သွားတတ်တယ်။ သူကိုကြောက်နေတာဆိုမကြိုက်ဘူး။ သူမှားနေလို့ထောက်ပြပေးတဲ့ ကျောင်း သားဆို ကြိုဆိုတတ်ပြီး ကျေးဇူးတင်ကြောင်းပြန်ပြောလေ့ရှိတယ်။ ပညာနဲ့အတူ စာရိတ္တကိုပါအလေးထားဖို့ မကြာ မကြာ ဆုံးမတတ်တယ်။ တော်နေရုံမက ကောင်းဖို့လိုတယ်။ ကောင်းမှ၊ ရိုးသားမှတန်ဖိုးရှိပြီး ကိုယ့်ကိုကိုယ်လည်း အမြဲဂုဏ်ယူနိုင်မယ်လို့ သတိပေးတတ်တယ်။ ဆရာပြောဖူးတဲ့အထဲက ဂျပန်နဲ့မြန်မာ ပညာတော်သင်သွားကြတဲ့ အ ကြောင်းဆို၊ ခုထိကို အမှတ်ရနေဆဲလေ။
            “ဟိုး မင်းတုန်းမင်းခေတ်ကပေါ့ကွာ။ ဆရာတို့နိုင်ငံနဲ့ဂျပန်နိုင်ငံကို အင်္ဂလန်နိုင်ငံက စက်မှုအတတ်ပညာနဲ့ပတ် သက်ပြီး ပညာတော်သင်ခေါ်တယ်။ နိုင်ငံတခုစီက အယောက်(၂၀) စီခေါ်တယ်ပဲ ထားပါတော့ကွာ။ တို့နိုင်ငံကတော့ မင်းတို့သိတဲ့အတိုင်း လက်သင့်ရာစားတော်ခေါ်ပေါ့။ ဘုရင်နဲ့မူးမတ်အသိုင်းအ၀ိုင်းထဲက လူတွေချည်းရွေးလွှတ်တာ။ ခုခေတ်လိုပဲဆိုပါတော့။”
            “အယ် ... ဂျပန်နိုင်ငံကတော့ တို့လိုမဟုတ်ဘူးကွာ။ သူတို့နိုင်ငံက စက်မှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတွေ ကို အင်တာဗျူးအဆင့်ဆင့်လုပ်ပြီးခေါ်တာ။ လူအယောက် (၂၀) ခေါ်ဖို့ကို တနိုင်ငံလုံးက စက်မှုကျွမ်းကျင်သူ (၈၀) ကို ရွေးထုတ်တယ်။ ပြီးတော့မှဒီအထဲက (၄၀)ကို ဒုတိယအကြိမ်ထပ်ရွေးတယ်။ နောက်တခါ အင်္ဂလိပ်ဘာသာပါ ကျွမ်း ကျင်သူ(၂၀)ကို လက်ရွေးစင်ပြန်ရွေးပြီး အင်္ဂလန်ကိုပို့လိုက်တာ။ ဒီလက်ရွေးစင်(၂၀)နဲ့ ကျန်ခဲ့တဲ့(၂၀)က အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်တာ၊ မကျွမ်းကျင်တာလောက်ဘဲ ကွာတာ။ စက်မှုပညာတွေကတော့ သူမသာ၊ ကိုယ်မသာ ပေါ့။ ပြီးမှ ကျန်ခဲ့တဲ့(၂၀)နဲ့ ပထမရွေးကျန်(၄၀)ကို ဂျပန်အစိုးရက ပြန်မလွှတ်တော့်ဘဲ တနေရာမှာစုပြီး ခေါ်ထားလိုက် တယ်။”
            “အင်္ဂလန်ကိုရောက်တော့ တို့ရွှေမြန်မာတွေက တော်ကြပါတယ်။ စာတွေလည်းလိုက်နိုင်ကြတယ်။ ဒါပေမယ့် ဟိုရောက်တုန်း မစားဖူးတာတွေ စား၊ မသောက်ဖူးတာတွေ သောက်ပြီး ပြန်ခဲ့ကြတာပေါ့။ ဒီပြန်ရောက်တော့ မဲနယ် စက်ရုံ၊ လက်နက်စက်ရုံ၊ ဒင်္ဂါးပြားစက်ရုံတို့တည်တာ၊ သင်္ဘောဖျက်တဲ့ ရေမြှပ်ဗုံးထွင်တာတို့လောက်တော့ အလုပ်ဖြစ်ခဲ့ တာကို စာအုပ်တွေထဲဖတ်ရဖူးတယ်ကွ။ ဒါပေမယ့် အဲဒီအကျိုးဆက်ကို ဒီနေု့တို့ခေတ်မှာ ဘာတခုမှမတွေ့ရတော့ဘူး။ ဘာမှတ်တမ်းမှလည်း မကျန်ခဲ့တော့ဘူး။ တို့နိုင်ငံရဲ့တိုးတက်မှုအခြေအနေကလည်း မင်းတို့မြင်တဲ့အတိုင်းပဲ။ အင်္ဂလိပ် သာ တို့ နိုင်ငံကိုမသိမ်းခဲ့ရင် ခုထိ နွားလှည်းနဲ့ပဲ ခရီးသွားနေရဦးမှာ။”
            “ဂျပန်ပညာတော်သင်တွေကတော့ ဒီလိုမဟုတ်ဘူး။ အင်္ဂလန်ကိုရောက်တာနဲ့ သူ့အဖွဲ့နဲ့သူစုပြီး သင်ပေးသမျှ စာတွေကို ဂျပန်လိုဘာသာပြန်ကြတယ်။ ပြီးတော့ ဂျပန်နိုင်ငံကို ပြန်ပို့တယ်။ အဲ့ဒီပို့လိုက်တဲ့ ဂျပန်လိုဘာသာပြန်ပြီး သားတွေကို ကျန်ခဲ့တဲ့(၂၀)အုပ်စုက စုပေါင်းလေ့လာကြတယ်။ (၄၀)အုပ်စုနဲ့ပြန်ဆွေးနွေးကြတယ်။ ပြန်သင်ကြတယ် ပေါ့ကွာ။”
            “ပညာသင်ကာလပြီးလို့ ပညာတော်သင်တွေ ဂျပန်လည်းပြန်ရောက်ရော့ ပြန်လာတဲ့(၂၀)နဲ့ ကျန်ခဲ့တဲ့(၂၀)တို့ ပြန်ဆွေးနွေးပြီး ပညာတွေဖလှယ်ကြတယ်။ နောက် … (၄၀)ကို ပြန်သင်ပေးကြတယ်။ ဒီလိုနဲ့ ပညာတော်သင်(၂၀)သာ သွားရပေမယ့်၊ (၈၀)လုံး ပညာတွေတတ်သွားနိုင်အောင် တပြိုင်တည်းပွားယူနိုင်ခဲ့ကြတာဟာ အတုယူစရာကောင်းပဲ ပေါ့။ နောက်ပြီး ဂျပန်လိုဘာသာပြန်ပြီးသား ပညာတွေကိုပါ ရလိုက်ကြတာ။ ခုဆို မင်းတို့သိတဲ့အတိုင်း၊ ဂျပန်နိုင်ငံဟာ စက်မှုပညာနဲ့ပတ်သက်ပြီး ဘယ်လောက်တိုးတက်နေပြီလဲ။ ပညာရပ်တွေနဲ့ပတ်သက်ပြီး အင်္ဂလိပ်စာမတတ်ချင်နေ၊ ဂျပန်လိုလေ့လာနိုင်အောင်၊ ဂျပန်လိုဖတ်ပြီးအသုံးချနိုင်အောင်ဖြစ်သွားပြီ။ တို့နိုင်ငံနဲ့ဘယ်လောက်တောင်ကွာသွားလဲ ”  
            “ဒီတော့ ပညာယူတဲ့အခါမှာ အစီအစဉ်ရှိရှိယူတတ်ဖို့လိုတယ်။ ပြီးတော့ မှတ်တမ်းဆိုတာကျန်ခဲ့အောင် လုပ် ထားရမယ်။ ဒါမှ နောင်မျိုးဆက်တွေအတွက် ပညာအမွေပေးခဲ့နိုင်မှာ။ နောက် ... ကိုယ်လေ့လာသိမြင်ခဲ့သမျှနဲ့ ကိုယ့် ဖြတ်သန်းမှုအတွေ့အကြုံတွေကို ကိုယ့်ဘာသာစာပေတွေနဲ့ မှတ်တမ်းတင်ထားခဲ့သင့်တယ်ကွ ”
(၄)
            တနေ့မှာတော့ စိတ်ဆိုးလေ့မရှိတဲ့ ဆရာဘုမောင်တယောက် ဒေါကန်နေတဲ့အမူအရာနဲ့ အတန်းထဲဝင်လာပြီး
            “ မင်းတို့ ကျောင်းအုပ်ကြီးကတော့ စံပဲကွာ။ ကိုယ်တိုင်လုပ်လို့ရရက်နဲ့ ငါတို့ကိုဒုက္ခပေးတာ ”
            ဆရာဘုမောင် ဒေါသဖြစ်ရပုံက ဒီလို။ ကျနော်ပြောခဲ့တဲ့ ကျောင်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့မှာ သူလည်းပါ တယ်မဟုတ်လား။ ဒီမနက် ကျောင်းအုပ်ကြီးက ကျောင်းနောက်ကျပြီှးရောက်လာတယ်။ ကျောင်းတံခါးဝနားအရောက် ကျောင်းပြေးတဲ့ကျောင်းသားအဖွဲ့တွေနဲ့ ကျောင်းရှေ့မှာ ထိပ်တိုက်တိုးပါလေရော။ အဲဒီအချိန်က တကျောင်းလုံး အဖြူ နဲ့အစိမ်းပဲဝတ်ကြရတော့ ကျောင်းသားနဲ့အရပ်သားက ခွဲလို့လွယ်တယ်လေ။ ဒါပေမယ့်ဆရာကြီးက ကျောင်းသားတွေ ကို ဘာမှမပြောဘဲ၊ ကျောင်းထဲကို ကားဆက်မောင်းဝင်ခဲ့တယ်။ ကျောင်းရုံးခန်းထဲရောက်မှ စည်းကမ်းထိမ်းသိမ်းရေး ဆရာတွေကိုခေါ်၊ ကျောင်းပြေးတဲ့ကျောင်းသားတွေကို လိုက်ခေါ်ဖို့ပြောတယ်တဲ့။
            ကျန်ဆရာတွေအားလုံးကတော့ ဘာမှပြန်မပြောကြဘဲ ကျောင်းပြေးတွေနောက်ကို လိုက်သွားကြပေမယ့်၊ ဆရာဘုမောင်ကတော့ လိုက်မသွားဘူး။ ကျောင်းအုပ်ကြီးကို ပြန်ပက်ရင်း ကျန်နေခဲ့တယ်တဲ့။
 “ခင်ဗျားက ကိုယ်တိုင် တွေ့လိုက်ရရက်နဲ့ ဘာလို့ပြန်မခေါ်ခဲ့တာလဲ။ ခင်ဗျားတွေ့တဲ့အချိန်ဆို ကျောင်းသား တွေက ကျောင်းအနီးအနားမှာပဲ ရှိနေကြသေးတာ။ ခင်ဗျားပြန်ခေါ်ရင်လည်း ရရဲ့သားနဲ့ဗျာ။ ခုတော့ ဘယ်ရောက် သွားပြီလဲဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ။ လိုက်ရှာလို့ကတော့ တနေသာကုန်သွားမယ် တွေ့မှာမဟုတ်ဘူး။ ကျောင်း ပြေးစရာနေရာတွေက တပုံကြီး၊ ကျုပ်တော့မလိုက်နိုင်ဘူးဗျာ။ စာသင်ဖို့ရှိသေးတယ်”လို့ပြောပြီး ရုံးခန်းထဲက ပြန်ထွက် လာတာတဲ့။
(၅)
            “မင်းတို့ ဗျိုင်းအရှင်ဖမ်းနည်းဆိုတာ ကြားဖူးလား”
            ဒေါသတွေပြေသွားအောင် ခဏနားပြီးမှ ဆရာဘုမောင်က စကားပြန်စလာတယ်။
            “မကြားဖူးပါဘူး ဆရာ”
            “အေ ... မှတ်ထားကြ၊ ဆရာပြောပြမယ်”
            “မိုးဦးကျစ၊ မိုးဖွဲဖွဲလေးတွေရွာနေတဲ့အချိန်ဆို ဗျိုင်းအရှင်ဖမ်းလို့ရတယ်ကွ။ ဒီအချိန်မျိုးဆို ဗျိုင်းတွေက လယ် ကွင်းတွေထဲမှာ ငါးရှာနေကြတာ။ ဒီတော့ မင်းတို့က ဆားသာတဆုပ်လောက်ယူသွား။ ခုန ငါးဖမ်းဖို့စောင့်နေတဲ့ ဗျိုင်း အနားကိုဖြည်းဖြည်းလေးသွား။ ဗျိုင်းရဲ့ခေါင်းပေါ်ကို ဆားလေးပုံပေး။ မိုးကဖွဲဖွဲလေးရွာနေတာဆိုတော့ ခေါင်းပေါ်က ဆားတွေ အရည်ပျော်ပြီး မျက်စိထဲကို စီးကျမယ်။ မျက်လုံးဖွင့်လို့မရတော့ဘူး။ ဒီအချိန်ဆို မင်းတို့ ဗျိုင်းအရှင်ဖမ်းလို့ ရပြီ။”
            ကျနော်တို့တတန်းလုံး ဆရာဘုမောင်ရဲ့ ဗျိုင်းအရှင်ဖမ်းနည်းကို ငြိမ်ပြီးနားထောင်နေမိကြတယ်။ နားထောင် နေရင်းက မျက်စိထဲမှာလည်း လယ်ကွင်းထဲက ဗျိုင်းဖြူဖြူတွေကို မြင်ယောင်လာတယ်။ အသာကပ်သွားပြီး ဗျိုင်းရဲ့ ခေါင်းပေါ်ကို ဆားပုံလိုက်တယ်။ ဆားတွေအရည်ပျော်ပြီး မျက်လုံးထဲဝင်သွားတယ်။ ပြီးတော့ ... ဗျိုင်းလည်ပင်းကို ဆုပ်ကိုင်ပြီး ဖမ်းလိုက်တယ်လို့ကို မြင်ယောင်လာတယ်လေ။
            “ဆရာ ... ဗျိုင်းအနားကပ်သွားတော့ ဗျိုင်းကထပျံမသွားဘူးလား ဆရာ”
            ကျနော်တို့အားလုံး မေးလိုက်တဲ့အသံရှိရာကို ၀ိုင်းကြည့်လိုက်ကြတယ်။ ပိန်းဇလုပ်ရွာက ကျောင်းလာတက် တဲ့ “ကရင်ကြီး”။ သူ့နာမည်က စောထူးဂေ။ လူကောင်က ထွားထွားကြီးမို့ ကျနော်တို့အားလုံးက ကရင်ကြီးလို့ပဲသူကို ခေါ် ကြတယ်။ ဘောလုံးလည်း အကန်တော်တယ်ဗျ။
            “အေးပေါ့ကွာ ... မင်းတောင်သိသေးတယ်။ မင်းတို့ကျောင်းအုပ်ကြီးက မသိဘူးကွ”
            “မင်းတို့စဉ်းစားကြည့်လေ။ ကရင်ကြီးပြောသလိုပဲ အနားကပ်လို့ရမှတော့ ဆားပုံဖို့လိုသေးလို့လား၊ တခါထဲ ဖမ်းလိုက်မှာပေါ့။ မင်းတို့ကျောင်းအုပ်ကြီးကတော့ တခါထဲမဖမ်းလိုက်ဖူးဟေ့။ ငါတို့ကိုပဲ ဆား ပုံပုံခိုင်းနေတာကွ။ ဒါကြောင့် ဒေါကန်လာတာ ”
(၆)
            နို့ဖိုးဒုက္ခသည်စခန်းထဲမှာ ဒုံးယိမ်းသံတွေ ၀ဲပျံ့နေဆဲ။ ဒီကရင်ဒုံးယိမ်းအကကို နောက်ထပ်ကရင်နှစ်သစ်ကူး ဘယ်နှစ်ခုအထိများ ဒီနို့ဖိုးဒုက္ခသည်စခန်းထဲမှာ ထပ်ကြည့်ရ၊ ထပ်မြင်ရဦးမလဲ မသိ။
            ဘ၀မြင်ကွင်းတွေ ထပ်လွန်းနေတော့လည်း ကျေနပ်ခွင့်တွေ ပျောက်ဆုံးနေရပေါ့။ အနည်းဆုံး ဒီဒုံးယိမ်းအက တွေက အမေရိကားမှာပဲဖြစ်ဖြစ်၊ နော်ဝေမှာပဲဖြစ်ဖြစ်၊ နယူးဇီလန်မှာပဲဖြစ်ဖြစ် နေရာပြောင်းပြီး ကြည့်ချင်ပြီလေ။
            “ဟေ့ ... ယုမောင်၊ ဘုမောင်၊ ထိပ်ပြောင်လားဟေ့ ...
တောင်ဖက်ကျွန်းပေါ် မြစ်ဝနံဘေး၊ ကရင်မ နော်သန်းငွေ...” သီချင်းလေးနဲ့၊ ဗျိုင်းအရှင်ဖမ်းနည်းလေးကို ပြန်သတိရမိလိုက်တာကိုက နှဖူးကြောလေးတွေ ပြေသွားသလိုလို။ အသက်ရှူ ချောင်သွား သလိုလို။ မဟုတ်လို့က တော့ တနေ့တနေ့ စားဝတ်နေရေးအတွက် ပူပန်ရ။ ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် ရင်မောရ။ ကိုယ့်ဘ၀ ကိုယ် အဓိပ္ပါယ်ဖော်နိုင်ရေးအတွက် ရတက်မအေးရ။ ဘ၀တွေကို ဗီဒီယိုကြည့်တဲ့အခါ ပေါ့စ် (Pause)  အလုပ်ခံထားရ သလို ခံစားလာရပြီလေ။
အင်း ... ကျနော်တို့ဘ၀တွေ ပြန်လည်ရှင်သန်နိုးထနိုင်ခွင့်တွေအတွက် ယူအဲန်အိပ်ခ်ျစီအာရ် (UNHCR) ကပဲ ဗျိုင်းအရှင်ဖမ်းနေတာလား။ အမေရိကန်နိုင်ငံကပဲ ဗျိုင်းအရှင်ဖမ်းနေတာလား။ ကျနော်တို့ကိုယ်တိုင်ကပဲ ဗျိုင်းအရှင် ဖမ်းနေတာလား။ တစုံတရာ ဒါမှမဟုတ် တစုံတယောက်ကပဲ ....။ စဉ်းစားလို့တောင် မရ။
(၂၇/၁၁/၂၀၀၉)
Thursday, January 6, 2011
လွတ်လွတ်လပ်လပ် တွေးတတ်မြင်တတ် ဖောက်ထွက်ဆွေးနွေး တတ်ပါစေ
ကိုဝါခေါင်ရေ
လူငယ်တွေဘာကြောင့် စစ်တပ်ထဲဝင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ပြောပြချင်တယ်။ ကျွန်တော်တို့ အခြေခံစစ်ပညာသင်တန်း ပြီးတဲ့အခါ ကိုယ်နဲ့သက်ဆိုင်တဲ့ ပညာသည်အုပ်စု(အတိုကောက် “ပည” လို့ခေါ်ပါတယ်) အတန်း(၃) သင်တန်းမတက်ရခင်မှာ သက်ဆိုင်ရာတပ်တွေမှာ ခေတ္တတွဲဖက်နေရတယ်။ တနေ့မှာတော့ ကျွန်တော်တို့အုပ်စုကို ဒုတပ်မှူးက ဟောခန်းတစ်ခုထဲမှာ ခေါ်ပြီးတွေ့တယ။် အဲဒီဗိုလ်မှူးက ခပ်ပျော်ပျော်နေတတ်ပုံရတယ်။ ကျွန်တော်တို့တတွေကို ညီအကိုလို ရင်းရင်းနှီးနှီးပဲခေါ်ပြောဆက်ဆံတယ်။
          စစ်သည်တွေအားလုံး တစ်ယောက်စီထပြီး ကိုယ့်ကိုယ်ကိုမိတ်ဆက်ရတယ်။ ပြီးတော့ သူကတစ် ယောက်ချင်းကို ဘာအားကစားဝါသနာပါသလဲ။ ဘာဖြစ်လို့စစ်တပ်ထဲဝင်တာလဲလို့မေးတယ်။
          အားကစားကိစ္စမှာတော့ ကိုယ်သန်ရာသန်ရာ ဖြေကြပေမယ့် စစ်ထဲဝင်တဲ့ရည်ရွယ်ချက်ကို ပြောတဲ့နေ ရာမှာတော့ အားလုံးတစ်ထေရာတည်းလိုပဲ “ကိုယ့်ဘ၀တိုးတက်မှုကို ဖြစ်စေလိမ့်မယ်ထင်လို့ဝင်တာ”လို့ ဖြေကြတယ်။
          အပေါ်ယံကြည့်ရင်တော့ ဒီကောင်တွေကိုယ်ကျိုးကိုရှေ့တန်းတင်ပြီး တပ်ထဲကိုဝင်တာပဲ။ ဘာ မျိုးချစ်စိတ်မှမရှိဘူးလို့ ထင်ကြမယ်။ ကျွန်တော်တို့သင်တန်းဆင်းအုပ်စုမှာ လူတစ်ရာကျော်ရှိတယ်။ ပညာအရည်အချင်းက အားလုံးဆယ်တန်းအောင်ပြီးသားတွေ။ အသက်အရွယ်အားဖြင့်တော့ ၂၃ နစ် ၂၄နှစ် အရွယ်က ကျွန်တော့်အပါအ၀င်ဆယ်ယောက်လောက်ရှိတယ်။ အဲဒီအထဲမှာ ဘွဲ့ရပြီးသား သုံးဦးလောက်ပါတယ်။ စာပေးစာယူတက်နေဆဲလူတွေပါတယ်။ အချို့က ၀န်ထမ်းဌာနတွေမှာ လုပ်ခဲ့ ဖူးသူတွေရှိတယ်။ ကျန်တဲ့သူတစ်ရာလောက်က အသက် နှစ်ဆယ်အောက်တွေချည်းပဲ။ ဆယ်တန်း အောင်ပြီးကာစအရွယ်တွေ။
          စစ်သည်အားလုံးလိုလိုက ကိုယ်ရေးကိုယ်တာကိစ္စကို ရှေ့တန်းတင်ပြောလိုက်တဲ့အခါ လူ့ လောကအတွေ့အကြုံ နည်းနည်းရှိထားတဲ့ ကျွန်တော်တို့က စိတ်ပူမိတယ်။ ကိုယ်ဖြစ်ချင်တာကို တည့်တိုးကြီး ပြောလိုက်တဲ့အခါကျတော့ ဟိုအရာရှိများ စိတ်ဆိုးသွားလေမလားပေါ့။ ၀န်ထမ်းလောက ဆိုတာ “ဂါရ၀” တရားနဲ့သတိထားပြီး ဆက်ဆံရတာမဟုတ်လား။
          ဒါပေမယ့် ကျွန်တော်တို့ထင်ထားသလို ဖြစ်မလာဘူး။ ဒုတပ်မှူးက စစ်သည်တွေပြောသမျှကို ပြုံးပြုံးကြီးနဲ့ နားထောင်နေတယ်။ တခါတခါ ခေါင်းပါညိတ်လိုက်သေးတယ်။ အားလုံးပြောပြီးတော့မှ
          “ရဲဘော်တို့ ကိုယ့်ဘ၀တိုးတက်ဖို့ စိတ်ဝင်စားတာကောင်းပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဘွဲ့မရသေးသူက ဘွဲ့ရအောင်ကြိုးစား။ ဘွဲ့ရပြီးသူက သတ်မှတ်တဲ့အချိန်တစ်ခုစောင့်ပြီး ရင် ဗိုလ်သင်တန်းဖြေကြ။ စစ်တပ်ထဲမှာတော့ ဒီနည်းကအကောင်းဆုံးပဲ။ ပုံမှန်တဆင့်ပြီးတဆင့်တက် နဲ့ အရာခံဗိုလ်စောစောစီးစီးဖြစ်မယ်ဆိုရင်တော့ အသက် ၆၀ ပြည့်အငြိမ်းစားယူတဲ့အခါ ကော်မရှင် ပြန်တမ်းဝင်ဗိုလ်ကြီးဘ၀နဲ့ ပင်စင်ရမယ်။ ဒီတော့ ကိုယ့်အခြေအနေနဲ့ကိုယ် ချင့်ချိန်ပြီးကြိုးစားကြ။ လူငယ်ဘ၀မှာ မျှော်လင့်စရာတွေများတယ်။ အသက်ကြီးလာရင်တော့ ရွေးချယ်စရာတွေနည်းသွား တတ်တယ်။ အဲဒါကိုလည်း ထည့်စဉ်းစားကြဦး” လို့ အေးအေးဆေးဆေးပြောပြတယ်။ အဲဒီလိုအမြင်ကျယ်တဲ့လူက တပ်ထဲ မှာ ရှားတော့ရှားသား။
          ခုနောက်ပိုင်း အချိန်တွေမှာ အဲဒီဖြစ်စဉ်လေးကို ပြန်စဉ်းစားကြည့်တော့ လူငယ်တွေကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို အကွယ်အ၀ှက် ပွင့်ပွင့်လင်းလင်းပြောရဲတာကောင်းတယ်ဗျ။ အဲဒါကို လူကြီးတွေကလည်း နားလည်ပေး ဖို့လိုတယ်။ လူတစ်ယောက်တိုးတက်အောင်မြင်တယ်ဆိုရာမှာ သူ့ဘ၀ရဲ့ အနာဂတ်မျှော်လင့်ချက်က မက်လုံး တစ်ခုအနေနဲ့ စေ့ဆော်အားပေးနေတယ်။ သဘာဝလည်းကျတယ်။ ဒါကြောင့် တစ်ဦးချင်းဖွံ့ဖြိုးတိုးတက်မှုကို ကြိုဆိုရမယ်။ အားပေးအားမြှောက်ပြုရမယ်။ တစ်ဦးချင်းဖွံ့ဖြိုးမှုကို လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုနှင့် သဟာဇာတဖြစ် အောင်၊ ချိတ်ဆက်မိအောင် တည့်မတ်ပေးဖို့ပဲလိုတယ်။ အတ္တကြီးတယ် ကိုယ်ကျိုးကြည့်တယ်လို့ မမြင်စေချင် ဘူး။
          အဲလိုမဟုတ်ဘဲ လူငယ်တွေကလည်း လူကြီးတွေရှေ့မှာ အားနာသလိုလို ကြောက်ရွံ့သလိုလိုနဲ့ ကိုယ့် ရင်ထဲရှိရာကို အမှန်မပြောဘဲ ဖုံးကွယ်ထိန်ဝှက်ထား။ လူကြီးတွေကလည်း လူငယ်တွေပါးစပ်ဖျားက အတ္တထက် ပရကို ဦးစားပေးပြောဆိုတာတွေသာကြားချင် ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းမျိုးမှာတော့ ရိုးသားမှုတွေ ကွယ်ပျောက်နေပြီး ကြာလာရင် လောကကို မချင့်မရဲဖြစ်တဲ့ အငုံ့စိတ်တွေကြီးထွားလာတတ်တာ သဘာဝပဲ။
          စောစောကစကားကို ဆက်ရရင် ကျွန်တော်တို့အုပ်စုထဲမှာ ကြည်းတပ်အရာရှိဖြစ်သွားတာ(၅)ဦး၊ ရေတပ်အရာရှိဖြစ်သူက (၄)ဦး ရှိတယ်။ တပ်မှာမနေနိုင်လို့ ထွက်ပြေးသွားသူတွေရှိတယ်။ ကျန်းမာရေးအ ကြောင်းပြချက်နဲ့ နှုတ်ထွက်သူတွရှိတယ်။ ဟိုမရောက်ဒီမရောက် စခန်းသွားနေသူတွေလည်းရှိတယ်။ ကိုယ့်ဖြစ် နိုင်ခြေနဲ့ကိုယ် လျှောက်လှမ်းနေကြတာဖြစ်သလို တစ်ဖက်ကလည်း တူညီတဲ့အခွင့်အရေးကို ဖန်တီးပေးမထား ပြန်ဘူး။ အမှန်ကတော့ တူညီတဲ့အခွင့်အရေး ရှိနေတာတောင်မှ အရည်အချင်း မတူညီမှုကြောင့် အားလုံးတ ပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။
          ချုပ်ပြောရရင်တော့ ဒီခေတ်မှာ မျိုးချစ်စိတ်ရှိရမယ်။ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်ပိုးရမယ် စသည်ဖြင့် လက်ဆုပ်လက်ကိုင်မရှိတဲ့ စကားလုံးတွေနဲ့ လူငယ်တွေရဲ့ စိတ်ကိုချည်နှောင်မထားသင့်တော့ဘူး လို့ ထင်မိတယ်။ တကယ်လက်တွေ့မှာလည်း အဲဒီစကားတွေဟာ လူငယ်တွေအတွက် အားမဖြစ်ဘဲ ကိုယ့်ကိုယ်ကို အကာအကွယ်ယူတဲ့ ခြုံလွှာတွေလိုဖြစ်နေတတ်တယ်။
          စစ်တပ်ထဲမှာ ကျွန်တော်ထိတွေ့ဆက်ဆံရသူတွေကို လေ့လာကြည့်တဲ့အခါ စာအုပ်ကြီးလို့ ထင်ရတဲ့ လူအများစုဟာ အခွင့်ကြုံရင်ကြုံသလို ကိုယ်ကျိုးရှာတတ်ပြီး ပေါ့ပေါ့ပါးပါး နေတတ်သူတွေကသာ သူ့ဖက်ကိုယ့် ဖက် ကြည့်တတ်တာများပါတယ်။ (ခြွင်းချက်တော့ရှိနိုင်တာပေါ့နော်) ကျွန်တော့်စေတနာက လူငယ်တွေကို လွတ်လွတ်လပ်လပ် တွေးတတ်မြင်တတ် ဖောက်ထွက်ဆွေးနွေး လုပ်ကိုင်တတ်သူတွေ ဖြစ်လာစေချင်တာပါ။ စကားလုံးတွေနဲ့ ၀န်ပိမနေစေချင်ဘဲ လက်တွေ့ဖြစ်နိုင်ချေမှာ ရှင်သန်နေစေချင်တာပါ။
လူငယ်တွေအားလုံး အတွေးအမြင် လွတ်လပ်ပွင့်လင်းနိုင်ကြပါစေ။
နေမင်းသူ
Wednesday, January 5, 2011
ဒီမိုကရေစီ၊ပြည်သူ့လူ့အဖွဲ့အစည်းများနှင့်ပတ်သက်သည့် အချို့သောရောင်ပြန်ဟပ်မှုများနှင့်အတွေးစများ
(ယခုစာစုမှာ တိုင်းရင်းသားလူငယ့်အသံဂျာနယ်တွင်ဖော်ပြထားသော ရှမ်းတိုင်းရင်းသားလူငယ် ဟာန်၏ဆောင်းပါး ဖြစ်ပါသည်။ မူရင်းဂျာနယ်မှာ မျက်နှာဖုံးနှင့်စာရွက်အချို့စုတ်ပြတ်ပျက်စီးနေပြီး ထုတ်ဝေသောရက်စွဲကိုပင် ရှာမရတော့ပါ။ သို့ရာတွင် Civil Society နှင့်ပတ်သက်၍ လူငယ်တစ်ဦး၏ ရိုးရှင်းလွယ်ကူပြေပြစ်စွာ အဓိပ္ပါယ်ဖွင့်ဆိုထားပုံကို အထင်ကြီး လေးစားမိသဖြင့် ၀ါသနာတူမိတ်ဆွေများဖတ်ရှုနိုင်ပါရန် ကူးယူမျှဝေအပ်ပါသည်)
မည်သည့်ပုံစံ၊အသွင်သဏ္ဍာန်ဖြင့်လာသည်ဖြစ်စေ အာဏာရှင်စနစ်သည် ယနေ့ကမ္ဘာအတွက် လက်ခံနိုင်ဖွယ်မရှိ တော့ပြီ။ ဒီမိုကရေစီစနစ်သည်သာလျှင် ပေါ်ပေါက်ခဲ့သမျှ၊ တည်ရှိနေသမျှစနစ်များထဲတွင် အကောင်းဆုံးဖြစ်သည်ဟု ကမ္ဘာပေါ်ရှိလူအများက တိုး၍တိုး၍ လက်ခံလာကြပြီဖြစ်သည်။ပြည်ထောင်စုမြန်မာနိုင်ငံမှ ပြည်သူများသည်လည်း ဒီမိုကရေစီကိုလိုလားတောင့်တလျှက်ရှိသည် ဆိုသည်ကို ထပ်မံရှင်းလင်းဖို့ရာမလိုတော့ပေ။ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုဖြစ်ပေါ်လာအောင် ကြိုးစားနေသောအဖွဲ့တိုင်းလိုလိုပင်၎င်းးတို့၏ရည်မှန်းချက်၊ဦးတည်ချက်များတွင်ဒီမိုကရေစီပေါ်ထွန်းရေးကိုထည့်သွင်းထားကြသည်။ကျွန်ုပ်တို့အားလုံး ဒီမိုကရေစီကို အလိုရှိနေကြသည်။
ဤနေရာ၊ဤအချိန်မျိုးတွင် အရေးတကြီးမေးမြန်းဆွေနွေးရန် လိုအပ်နေသောမေူခွန်းကား မည်ကဲ့သို့သော ဒီမိကရေစီစနစ်မျိုးကို ကျွှန်ုပ်တို့ အလိုရှိကြသနည်း၊ မည်ကဲ့သို့သောနည်းလမ်းများဖြင့် ဒီမိုကရေစီပေါ်ပေါက်လာအောင် လုပ်မည်နည်း ဟူသောမေးခွန်းများပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးအစားတူ ကုန်ပစ္စည်းများထဲတွင်ပင် ကွဲပြားသောတံဆိပ်နှင့် အရည်အသွေး အမျိုးမျိုးရှိသကဲ့သို့ ဒီမိုကရေစတွင်လည်း ကွဲပြားပုံစံနှင့် အနှစ်သာရများရှိ နေကြသော ကြောင့်ဖြစ်သည်။
တချို့ကလည်း ဒီမိုကရေစီရလျှင် မြန်မာနိုင်ငံ၏ ပြဿနာများအားလုံး ညတွင်ချင်း ပြေလည်သွားမည့်ပုံစံနှင့် စိတ်ကူးယဉ်အတွေးမျိုး တွေးကြသည်။ မှတ်မှတ်ရရ ဒီမိုကရေစီ လှုပ်ရှားသူများ အသိုင်းအ၀ိုင်းတွင် လူကြီးဟု သတ်မှတ်ခံထား ရသူတဦးက ဘာမှမလုပ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းအောင်မြင်တော့မည့် အလား ပြောသွားဖူးသည်ကို အမှတ်ရမိသည်။
များသောအားဖြင့် ကျွန်ုပ်တို့သည် ယနေ့ကမ္ဘာတွင် အတွေ့ရများပြီး ၄င်း၏ကတိက၀တ်အတိုင်း အကောင်အထည် ဖော်နိုင်ခြင်းမရှိသော လစ်ဘရယ် ဒီမိုကရေစီစနစ်နှင့်သာ ရင်းနှီးကျွမ်းဝင်ကြသည် ကများသည်။ ထို့ကြောင့် ဒီမိုကရေစီကို နိုင်ငံအားအုပ်ချုပ်မည့် အစိုးရအဖွဲ့ကို ရွေးချယ်တင်မြှောက်ရန်အတွက် ရွေးကောက်ပွဲရှိခြင်း၊ အုပ်ချုပ်ရေး၊ တရားရေးနှင့် ဥပဒေပြုရေး စသည့်ဌာနများအကြား အာဏာခွဲဝေမှုရှိခြင်း၊အချိန်တန်လျင်ရွေးကောက် ပွဲတွင်မဲပေးခြင်းနှင့်အခွန်ပေး ခြင်းဟူ၍သာ နားလည်ထားကြလေသည်။ ယင်းတို့မှာ လစ်ဘရယ်ဒီမိုကရေစီ၏ အင်္ဂါရပ်များဖြစ်ကြသည်။
သို့ရာတွင် အထက်ပါ ကြန်အင်လက္ခဏာများသည် ဒီမိုကရေစီတရပ်လုံး ကို ကိုယ်စားမပြုချေ။ ဒီမိုကရေစီ၏ အနှစ်သာရအရင်းအားပြည်သူများ၏အရေးနှင့်အကျိုးအတွက်ပြည်သူများ ကိုယ်တိုင်ပါဝင်လုပ်ဆောင်၊ အုပ်ချုပ်ခြင်းပင်ဖြစ်လေသည်။ ဂရိတို့၏မြို့ပြနိုင်ငံများထွန်းကားချိန်တွင်မိမိတို့မြို့၏အရေးကိစ္စများအတွက်မကြာခဏအစည်းအဝေးခေါ်ယူကာ အချင်းချင်းဆွေးနွေး၊ တိုင်ပင်၍ အားလုံးက သဘောတူညီသည့် ဆုံးဖြတ်ချက်များချမှတ်ကြ (မဲပေးခြင်းမဟုတ်သည်ကိုသတိပြုရန်) ပြီး တာဝန်များခွဲဝေ၊ ထမ်းဆောင်မှုများ ရှိခဲ့ကြသည်။ ထိုဖြစ်ရပ်များကို ကြည့်၍ဂရိတို့သည် အနှစ်သာရအပြည့်ဝဆုံးသော ဒီမိုကရေစီကို ဖော်ဆောင်ခဲ့ကြသည်ဟု သုံးသပ်နိုင်သည်။
သို့ရာတွင် လစ်ဘရယ်ဒီမိုကရေစီစနစ်၏ ဖခင်ဟုခေါ်ဆိုနိုင်သည့် ဂျွန်လော့ခ် John Locke နှင့် ဂျိမ်းစ်မယ်ဒီဆင် James Madison တို့က ယခုနောက်ပိုင်းပေါ်ပေါက်လာသော နိုင်ငံများသည် ဂရိတို့၏မြို့ပြနိုင်ငံများထက် ကြီးမားသည်၊ ထိုခေတ်သစ်နိုင်ငံများအတွင်း ဂရိတို့၏ တိုက်ရိုက်ဒီမိုကရေစီစနစ်အတိုင်း ကျင့်သုံးရန် မဖြစ်နိုင်ဟုဆိုကာ ရွေးကောက်ခံ၊ ကိုယ်စားပြု လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အဆိုပြုခဲ့ကြလေသည်။
လစ်ဘရယ်ဝါဒသည် လူ့အခွင့်အရေး၊ လွပ်လပ်ခွင့်တို့နှင့် ပတ်သက်၍ လူသားတို့အားကောင်းကျိုးများစွာ ပြုခဲ့သော်လည်း အထက်ပါလစ်ဘရယ် ဒီမိုကရေစီသည် ယနေ့အခါတွင် အကျပ်တွေ့နေပြီဖြစ်ပြီး လူတော်များများ၏ မေးခွန်းထုတ်မှုနှင့် တိုက်ခိုက်မှုကိုခံနေရပြီး ဖြစ်သည်။ ထိုလစ်ဘရယ်ဒီမိုကရေစီသည် ကိုယ်စားပြုမှုကို အလွန်အမင်း အဓိကထားလွန်းသည်။ ထို့ကြောင့် ပြည်သူများမှာ နိုင်ငံ၏အရေးသည် မိမိ၏အရေးဟု မခံစားကြတော့ဘဲ ပွဲကြည့်ပရိသက်သဖွယ်ဖြစ်လာသည်က များနေသည်။ အများစုမှာ နိုင်ငံရေး သို့မဟုတ် နိုင်ငံ့ရေးရာကိစ္စရပ်များကို ၄င်းတို့ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များဟုခေါ်သော နိုင်ငံရေးသမားများ၏လက်ထဲတွင်ပင်ပုံအပ်ထားလိုက် ကြဟန်တူသည်။ ထို့ကြောင့် နိုင်ငံရေးသမားများကလည်း ဖြစ်ချင်တိုင်းဖြစ်နေကြသည်။ လာဘ်စားမှုများ၊ အရည်အချင်းမရှိ ခြင်းများ၊ မဲဆွယ်စဉ်က ပြည်သူများအား ပေးထားခဲ့သည့်ကတိများအတိုင်းမဆောင်ရွက်နိုင်ခြင်းများ၊ ပြည်သူအကျိုးထက် ၎င်းတို့မဲဆွယ်စဉ်က ကုန်ကျစရိတ်များကို ထောက်ပံ့ပေးခဲ့သည့် (လှူဒါန်းသည်ဟုလည်း လှပအောင်ခေါ်ဆိုနိုင်ပါသည်) ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ အကျိုးအတွက် ရှေးရှုဆောင်ရွက်ခြင်းများကို ဒီမိုကရေစီဟုခေါ်သော နိုင်ငံတော် တော်များများတွင် တွေ့မြင်နိုင်သည်။ ထိုကဲ့သို့ဖြစ်ရပ်များကို ဒီမိုကရေစီ၏ ဖခင်နိုင်ငံကြီဟု အသိအမှတ်ပြုခံနေရသည့် အမေရိကန်ပြည်ထောင်စုတွင်ပင် မျက်ဝါးထင်ထင်တွေ့မြင်နေရသည်ဖြစ်သည်။ ၎င်းကို လက်ရှိထင်ရှားသည့် ဖီလစ်ပိုင် လူမှုရေးပညာရှင် ဝေါလ်ဒဲန် ဘဲလို Walden Bello က “လစ်ဘရယ်ဒီမိုကရေစီ၏ ပြိုကွဲခန်း”ဟု တင်စားခဲ့သည်။
ဤသို့ဆိုလျှင် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များကို ဒီမိုကရေစီထံပါး၌အပ်နှံထား၍ မရတော့ပြီလော၊ ဒီမိုကရေစီ ခေတ်ကြီး၏ ဇာတ်သိမ်းခန်း စတင်ခဲ့ပြီလော၊ အာဏာရှင်တို့၏ ဖနောင့်အောက်သို့ လှည့်ပြန်ရတော့မည်လား။
လမ်းစများကာ မကုန်သေးပါ။
ကျွန်ုပ်တို့၏ မျှော်လင့်ချက်သစ်ပင်များ ရှင်သန်ရန်အတွက် အခြေအနေနှင့် အခွင့်အလမ်းကောင်းများကား ရှိနေပါသေးသည်။
သို့ရာတွင် လွယ်လွယ်နဲ့တော့မရပါ။ အချိန်တန်လျှင် ခေါင်းဆောင်၊ အစိုးရရွေးရန်အတွက် မဲသွားထည့်ရုံနှင့် အခွန်ပေးဆောင်ရုံသာလိုအပ်သော၊ သက်တောင့်သက်သာရှိလှသော လစ်ဘရယ်ဒီမိုကရေစီနှင့်သာ ဆက်လက်၍ နှစ်ပါး သွားရန်ကား မရတော့။ အလုပ်ဖြစ်မည် မဟုတ်တော့။ ဤနေရာတွင် ရွေးကောက်ခံ၊ ကိုယ်စားပြုဒီမိုကရေစီစနစ်အား စွန့်ပယ်သင့်ပြီဟု အဆိုပြုခြင်းမဟုတ်ပါ။ ၎င်းတခုတည်းကိုသာ အားမထားရန် ဆိုလိုခြင်းသာဖြစ်သည်။
ကျွန်ုပ်တို့အနေဖြင့် ဒီမိုကရေစီစနစ်ကို တကယ်တမ်းအလုပ် ဖြစ်စေလိုသည်ဆိုပါက လူအများ၏ ပါဝင် ဆောင်ရွက်မှုနှုန်းသည် လစ်ဘရယ်ဒီမိုကရေစီစနစ်မှာထက် ပိုမိုများပြားရန် လိုအပ်သည်ကား သေချာပါသည်။ အထူသဖြင့် ပိုမိုရှုပ်ထေွး၍ကျယ်ပြန့်နက်နဲသော ပြဿနာများနှင့်ကြုံတွေ့နေရသည့် ခေတ်သစ်ကမ္ဘာကြီးတွင် ခေါင်းဆောင်တစ်ဦးတစ် ယောက် (သို့) အစိုးရအဖွဲ့တစ်ဖွဲ့ကိုသာ အားထား၍မရနိုင်တော့။ ထိုပြဿနာများ ၊အခက်အခဲများသည် အလွန်ပင်တော် သည့် လူတစ်ဦးတစ်ယောက် (သို့) အဖွဲ့တစ်ဖွဲ့၏ ဖြေရှင်းနိုင်သည့်စွမ်းရည်ထက် ပိုမိုခက်ခဲရှုပ်ထွေးကြလေသည်။ လူအများ၊ ပြည်သူအများ စုပေါင်းစဉ်းစားဖြေရှင်းမှ တော်ကာကျပေမည်။
သို့ဆိုလျှင် ပြည်သူများအနေဖြင့် နိုင်ငံရေး (သို့) နိုင်ငံ၏ အရေးကိစ္စများတွင် မည်ကဲ့သို့ပါဝင်ဆောင်ရွက်လာမည် နည်း။ ရှုထောင့်အမျိုးမျိုးမှ အဖြေအမျိုးမျိုးပေါ်ထွက်လာနိုင်ပါသည်။ ထိုအဖြေများစွာအနက်မှ ဗမာဘာသာဖြင့် ပြည်သူအ ခြေပြုအဖွဲ့အစည်များ (သို့) ပြည်သူ့လူ့အဖွဲ့အစည်းများဟု အကြမ်းဖျမ်းဘာသာပြန်ထားသော (Civil Society) ၏ သဘောတရားသည် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ကျွန်ုပ်အနေဖြင့် ယူဆပါသည်။
(Civil Society)
            လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ကျော်များအတွင်း ပြည်သူ့လူ့အဖွဲ့အစည်းများ (Civil Society) ဟူသော စကားလုံး၊ စကားစုကို ကမ္ဘာတလွှားရှိ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့၊ ကြားသိနိုင်ပြီး အဆိုပါ Civil Society ၏ အတွေးအခေါ်၊ သဘောတရား၊ အနက်အဓိပ္ပါယ်၊ သီအိုရီ နှင့် ၎င်း၏ အကျိုးသက်ရောက်မှုများအပေါ် ပြောဆိုသုံးသပ်ဆွေးနွေးမှုများ၊ ငြင်းခုံမှုများ၊ ရေးသားချက်များ၊ ဆန်းစစ်ချက်များ ပလူပျံအောင်ပေါ်ပေါက်ခဲ့သည်။
            စင်စစ်အားဖြင့် ပေါ်ပေါက်ခဲ့သည် ဆိုခြင်းထက် ပြန်လည်၍တခေတ်ဆန်းလာသည်ဟု ဆိုခြင်းကပို၍ ဆီလျော်မှု ရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယင်းစကားလုံး၊ အတွေးအခေါ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၀) ကျော်အတွင်းမှ စတင်၍ပေါ်ပေါက်ခဲ့ခြင်းမဟုတ်ဘဲ ရှေးဂရိခေတ် (အရစ္စတိုတယ်လ် Aristotle လက်ထက်) မှစတင်၍ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး ၁၅၈၀ ကာလပတ်ဝန်းကျင်အထိ ရှင်သန်ပြောင်းလဲလာခဲ့ကာ ယင်းနောက်ပိုင်းမှာမှ ထူးဆန်းစွာပျောက်ကွယ်သွားခဲ့၍ လွန်ခဲ့သောနှစ်ပေါင်း၂၀ကျော် ကာလများအတွင်းမှ ပြန်လည်ဆန်းသစ်လာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ဆန်းသစ်လာပုံမှာ တမူထူးခြားမှုရှိသည်။ အကြောင်းမှာ အခြားသောအတွေးအခေါ်၊ သဘောတရားများကဲ့သို့ သီအိုရီမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ လက်တွေ့အဖြစ်အပျက်များမှ စတင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
            အတိအကျဆိုရသော် ၁၉၇၀နှင့် ၈၀ ပတ်ဝန်းကျင်ကာလများ၌ တင်းကျပ်သောအာဏာရှင် ကွန်မြူနစ်အစိုးရ အုပ်ချုပ်မှုများကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြသည့် ပိုလန်၊ ချက်ကိုဆလိုဗက်ကီးယား၊ ဟန်ဂေရီ အစရှိသည့် အရှေ့ဥ ရောပနိုင်ငံများမှ ပြည်သူများ၏အောင်မြင်မှုမှ စတင်ခဲ့လေသည်။
            ထိုစဉ်က အရှေ့ဥရောပနိုင်ငံများရှိ ပြည်သူများ၏ တော်လှန်လှုပ်ရှားမှု၊ အောင်မြင်မှုများကို ရှင်းပြရန်နှင့် ဆန်းစစ် ချိန်ထိုးရန် မည်သည့်နိုင်ငံရေးဆိုင်ရာသီအိုရီများမဆို မတတ်နိုင်ဘဲ ရှိနေခဲ့သည်။ နောက်ပိုင်းတွင်မှ ဂျာမန်နှင့် အီတလီ တွေးခေါ်ပညာရှင်များဖြစ်သော ကားလ်မတ်ခ် Kael Marx နှင့် အင်တိုနီယို ဂရမ်ဇီ Antonio Gramsic တို့လက်ထက်အထိ ရေးသားဆန်းစစ်မှုများပြုခဲ့သည့် Civil Society ၏ သဘောတရား၊ သီအိုရီများဖြင့် ချိန်ထိုးကာရှင်းပြခဲ့ကြသည်။ ထိုအချိန်မှ စ၍ ကမ္ဘာတ၀န်းလုံးတွင် Civil Society အတွေးအခေါ်များပြန်လည်၍ ရေပန်းစားလာခဲ့သည်ဟု ဆိုလျှင်လည်း မမှားပေ။
            သို့ဆိုလျှင် Civil Society ဟူသည်ကား မည်ကဲ့သို့နည်း၊ မည်ကဲ့သို့သော အနက်အဓိပ္ပါယ်မျိုး ရှိသနည်း။
            “မေးရန်မလွယ်ပေမယ့် အဖြေခက် ” ဟူသော စိုင်းခမ်းလိတ်၏ သီချင်းစာသားသည် အထက်ပါမေးခွန်းနှင့် တိုက်ရိုက်အကြုံးဝင်မှု ရှိပေလိမ့်မည်။
            အဘယ့်ကြောင့်ဆိုသော် ယင်း Civil Society ဟူသောစကားလုံး၊ သဘောတရားအပေါ် အသီးသီးသော ပညာ ရှင်များ၊ လေ့လာသူများက ကွဲပြားခြားနားစွာ ဖွင့်ဆိုသတ်မှတ်ကြပြီး ၎င်းတို့အားလုံးကို စုစည်း၍ဘုံအနက်အဓိပ္ပါယ်ဖွင့်ဆို ရန် ခက်ခဲသောကြောင့် ဖြစ်သည်။ ထို့ပြင် Civil Society ၏ သမိုင်းကြောင်းသည် အလွန်ရှည်လျားပြီး ၎င်းအသုံးအနှုန်း စတင်ပေါ်ပေါက်ခဲ့သည့်အချိန်မှ စ၍ ယနေ့အချိန်ထိ ယင်း၏အဓိပ္ပါယ်သည်လည်း ကာလနှင့် ၎င်းအပေါ်စဉ်းစားသုံးသပ် သော လူပုဂ္ဂိုလ်များအပေါ်မူတည်၍ ရွေ့လျားပြောင်းလဲလာခဲ့သည်။ မည်သို့ဆိုစေကာမူ ယင်းအားရှင်းလင်းရန် ကြိုးစားရ ပေလိမ့်မည်။
အထက်တွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း  Civil Society အပေါ်ကွဲပြားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ များစွာရှိလေသည်။ သို့ရာတွင် ကျွန်ုပ်အနေဖြင့် ပထမဦးစွာ  Kettering Foundation ၏ နယက  (President) ဖြစ်သူ David Mathews ၏ရှင်းလင်းပြီး နားလည်ရန်လွယ်ကူသော ဖွင့်ဆိုချက်ကို ငှားရမ်းအသုံး ပြုပါမည်။ David Mathews အနေဖြင့် Civil Society သည်နိုင်ငံရေး (မှတ်ချက်- ယနေ့ ကျွန်ုပ်တို့တွေ နေကျနိုင်ငံရေးမျိုး မဟုတ်ပါ) ပင်ဖြစ်သည် ဟု ယူဆထားပြီး အောက်ပါအပိုဒ်သည် David Mathews ၏ဖွင့်ဆိုချက်ကိုဆီလျော့်အောင် ဘာသာပြန်ထားခြင်း ဖြစ်သည်။
(လူသားများ၏ သမိုင်းတွင် နိုင်ငံရေးကို စတင်ဖန်တီးတီထွင်လိုက်သည့် အစောဆုံးကျေးရွာများကို  စိတ်ကူးကြည့်ကြပါစို့။ အဆိုပါ ကျေးရွာများသည် မြေငလျင်၊ မီး၊ လေမုန်တိုင်း စသည်တို့ကဲ့သော သဘာဝဘေးဒဏ်ကြောင့် မကြာမကြာ ပျက်စီးခြင်းဒဏ်ကို ခံရပေလိမ့်မည်။ ထိုရွာများစွာ အနက်မှ ရွာတရွာသည် မကြာမကြာ ရေလျှံလေ့ရှိသော မြစ်ကမ်းပါးတွင် ရှိနေသည် ဆိုပါစို့။ ဖြစ်နိုင်ချေရှိသည်မှာ ပထမဦးဆုံးအနေဖြင့် ရွာသားများက မြစ်ရေလျှံရခြင်း၏ အကြောင်းရင်းကို စတင်တွေးတော စဉ်းစားကြပေလိမ့်မည်။ ၄င်းတို့၏ စားဝတ်နေရေး၊ သွားလာရေးတို့ အတွက်ထောက်ကူမှုပြုသော မိတ်ဆွေမြစ်ချောင်းကြီးသည် အဘယ့်ကြောင့် စိတ်ဆိုးလာပြီး ၄င်းတို့၏ရွာအား ဖျက်ဆီးပစ်ရသနည်းဟု အကြောင်းရင်းကို နားလည်ရန် ကြိုစားပေလိမ့်မည်။ မြစ်စောင့်နတ်က စိတ်ဆိုးသဖြင့် ရေလျှံအောင်လုပ်ခြင်း ဖြစ်သည်။ ထိုမြစ်စောင့်နတ်ကို စားသောက်ဖွယ်ရာများဖြင့် ပူဇော်ပသမှ ဖြစ်မည်ဟူသည့် အဖြေကို ရလာနိုင်သည်။  ထိုဖြစ်ရပ်အား “သာသနာ၊ ဘာသာရေး” ကို စတင်ဖန်တီးခြင်းဟု သတ်မှတ်နိုင်သည်။ ယင်းနောက်ပိုင်းတွင် မြစ်ရေမှာ လျှံမြဲလျှံနေပြီး မိသားစုဝင်များက ၄င်းတို့၏ ဆွေးမျိုးသားချင်းများကို လိုက်လံကယ်ဆယ် မှုလုပ်နိုင်သည်။ ထိုအခြင်းအရာကို လူမှုရေးဝန်ဆောင်မှုလုပ်ငန်း (Social Servics)(သို့) ကူညီစွန့်ကြဲဖေးမမှု (Charity) ဆိုင်ရာလုပ်ငန်းများ၏ မူလအစအဖြစ် သတ်မှတ်နိုင်သည်။ နောက်ဆုံးတွင် လူတဦးတယောက် (သို့) လူတစုမှ ငါတို့ရွာပြောင်းရလိမ့်မယ်ဟု ဆိုနိုင်သည်။ ၄င်းမှာ စုပေါင်းဆုံးဖြတ်ချက်ချ မှတ်ခြင်း (Collective Decision) ၏ အစဦးပိုင်းဖြစ်ပြီး ၄င်း၏နောက်တွင် အများ၏ကောင်းကျိုးအတွက် ရည်ရွယ်သည့် စုပေါင်းလှုပ်ရှားဆောင်ရွက်မှု (Collective Action)  က လိုက်လာသည်။ အဆိုပါ ဆုံးဖြတ်ချက်ချမှတ်သည့် ဖြစ်စဉ်နှင့် ဆုံးဖြတ်ချက်အား အကောင်းထည်ဖော်သည့် ဖြစ်စဉ်တွင် ရွာသားများအကြား ပတ်သက်ဆက်နွယ်ပုံ ( Relationship)မှာ မိသားစုဝင်များအကြား ပတ်သက်ဆက်နွယ်ပုံ ထက်ပိုမိုသည်။ အဆိုပါရွားသားများအကြား ပတ်သက်နွယ်မှုကို အခြားသောလူမှုရေးဆိုင်ရာ ပတ်သက်ဆက်နွယ် မှုများနှင့်ကွဲပြားစေရန် ပြည်သူများ၏ ပတ်သက်ဆက်နွယ်မှု (Public Relation-ship)  ဟုခေါ်ဆိုနိုင်သည်။ ထို့နောက် ကျေးရွာရွှေ့ပြောင်းရန်အတွက် အတူတကွ ဆွေးနွေး၊ ဆုံးဖြတ်ချက်ချမှတ်ပြီး အတူတကွ လုပ်ဆောင်ကြသော လူစုကိုပြည်သူလူထုတရပ် (A Public) ဟု သတ်မှတ်နိုင်သည်။ ထိုပြည်သူလူထု၏ အဖွဲ့များကို နိုင်ငံသား (Citizen) ဟုလည်း ခေါ်ဆိုနိုင်သည်။ ထိုပြည်သူလူထုကို နိုင်ငံသား၏ လူအဖွဲ့အစည်း (Society of citizens) သို့မဟုတ် ပြည်သူ့လူ့အဖွဲ့အစည်း (Civil Society) ဟုလည်း ခေါ်ဆိုနိုင်သည်။
အထက်ပါပုံပြင်တွင် နိုင်ငံရေးဆိုသည်မှာ အများ၏ကောင်းကျိုးအပေါ် သက်ရောက်မှုရှိနိုင်သော ပြဿနာများကို ဖြေရှင်းရန်အတွက် စုပေါင်းဆောင်ရွက်ရာမှ ဖြစ်ပေါ်လာသော လူမှုရေးဆိုင်ရာစီစဉ်ဆောင်ရွက် ခြင်း (Social Organizatoin) ကိုဆိုလိုသည်။ နောက်ပိုင်းကာလများတွင်မှ ထိုရွာများရွှေ့ပြောင်းရာ၌ ကူညီရန်အတွက် အစိုးရများ ပေါ်ပေါက်လာသည်။ သို့ရာတွင် အစိုးရသည် နိုင်ငံရေး၏ အစိတ်အပိုင်းတရပ်သာလျှင် ဖြစ်ပြီး နိုင်ငံရေးတရပ်လုံး မဟုတ်ပေ။ အစိုးရများကို ပြည်သူ့အဖွဲ့အစည်းများ  (Civil Societies) အားအထောက်အကူပြုရန်အတွက် ဖန်တီးထားခြင်းသာ ဖြစ်သည်။ အစိုးရနှင့် (Civil Societies) သည် ဆန့်ကျင်ဘက်များ မဟုတ်ဘဲ အပြန်အလှန်ထောက်ကူမှုရှိသည့် အဖွဲ့(၂) ရပ်သာလျှင်ဖြစ်သည်။
ထို့ပြင် David Mathews က Civil Societies အား ပိုမိုတိုတောင်းစွာ အောက်ပါအတိုင်း ဖွင့်ဆိုထားးသည်။(Civil Societies) ဆိုသည်မှာ တသီးပုဂ္ဂလဖြစ်သော မိသားစုများ၊ မိတ်ဆွေ အပေါင်းအသင်းများ နှင့် အစိုးရနယ်ပယ်များ အကြားတည်ရှိသည့် လူ့ဘောင်၏အစိတ်အပိုင်းတရပ် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအတွင်းကြည့်မည်ဆိုလျှင် ချတ်ခ်ျ (ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း)များ၊ ပြည်သူ့အသင်းအဖွဲ့များ၊ အိမ်နီးနားချင်းများဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်း များကို (Civil Societies) အဖြစ် မြင်တွေ့နိုင်သည်။ ထို့ပြင်ကမ္ဘာ့အခြေအနေများကို စားသောက်ဆိုင်တဆိုင်တွင် ချိန်းတွေ့ဆွေးနွေးကြသော အုပ်စုများ၊ အမှိုက်စွန့်ရန် နေရာသတ်မှတ်မည့်အရေးကိစ္စအတွက် ပြုလုပ်သောမြို့နေပြည်သူများ၏ အစည်းအဝေးများအဖြစ်လည်း မြင်တွေ့နိုင်သည်။ ထိုကဲ့သို့သော လူဘောင်၊ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းများကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့နှင့် သုတေသန ပညာရှင်များသည် ရပ်ရွာအသိုင်အ၀ိုင်းများ၊ နိုင်ငံများအနေဖြင့် မည်မျှထိခရီးပေါက်ရောက်မှုရှိသည်ကို သိရှိနိုင်သည်။
ထို့နောက် အရှေ့ဥရောပနိုင်ငံများအတွင်းရှိ Civil Societies လှုပ်ရှားမှုများပေါ် များစွာသြဇာလွမ်းမိုးမှု ရှိသည့် မာခ့်စ်ဝါဒီ (Marxist) ဖြစ်သူ Antonio Gramsci ၏ အတွေးအခေါ်ကို ကြည့်မည်ဆိုပါက  Gramsci အနေဖြင့် လူ့အဖွဲ့အစည်းကြီးအား အစိတ်အပိုင်းကြီး (၃) ရပ်အဖြစ် ခွဲခြားထားသည်ကို တွေ့နိုင်သည်။ ၄င်းတို့မှာ-
နိုင်ငံရေးဆိုင်ရာ လူ့အဖွဲ့အစည်း Political Society၊
ပြည်သူ့လူ့အဖွဲ့အစည်း Civil Society နှင့်
စီးပွားရေးနယ်ပယ်တို့ ဖြစ်ကြသည်။
Gramsci အနေဖြင့် နိုင်ငံကိုအုပ်ချုပ်နေသော ကွန်မြူနစ်ပါတီတို့၏ ပါတီအစိုးရ (Party-State) နှင့် ၄င်း၏ယန္တရားများကို နိုင်ငံရေးဆိုင်ရာ လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး လူဘောင်တရပ်လုံး အပေါ်တင်းကျပ်စွာ ချုပ်ချယ်အုပ်ချုပ်နေသော နိုင်ငံတော်အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှုကို တန်ပြန်တိုက်ခိုက်ရန်အတွက် Civil Society များအနေဖြင့် အတွေးအခေါ်သဘောတရား ပိုင်းဆိုင်ရာ (Ideo Logical) အရ ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဟု အဆိုပြုခဲ့သည်။ ထိုကဲ့သို့ ယှဉ်ပြိုင်တိုက်ခိုက်မှုကို ပြည်သူများ၏ပါဝင်မှု ပိုမိုများပြားလာစေခြင်း၊ Civil Society အတွင်းရှိ အလုပ်သမားသမဂ္ဂများ၊ ချက်ခ်ျများကဲ့သို့သော လူမှုအဆောက်အအုံများ အားကောင်းလာအောင် ဆောင်ရွက်ခြင်းတို့ဖြင့် ပြုလုပ်နိုင်ပြီး ထို Civil Society များအင်အားကောင်းလာပါက ကြီးမားသောပြောင်းလဲမှုဖြစ်ပေါ်လာလိမ့်မည် ဟု အဆိုပြုခဲ့သည်။
၎င်း၏အတွေးအခေါ်များကို အရှေ့ဥရောပနိုင်ငံများအတွင်းရှိ Civil Society လှုပ်ရှားမှုများက လက်ကိုင်ပြုခဲ့ကြလေသည်။
(Civil Society အပေါ် ပိုမိုစုံလင်သော အမြင်များဖြင့် ယှဉ်ထိုးလေ့လာနိုင်ရန်အတွက် လေ့လာသူများ၊ ပညာရှင်များ အသီးသီးတို့၏ သုံးသပ်ချက်များကို လေ့လာရန် အကြုံပြုပါသည်။ သေချာသည် တခုမှာကား အမျိုးမျိုးသောသုံးသပ်ချက်များ၊ မေးခွန်းထုတ်မှုများ၊ ငြင်းခုံချက်များ ပေါ်ထွက်နေဦးမည် ဖြစ်သည်။ ဥပမာအားဖြင့် Civil Society တွင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍများ၊ နိုင်ငံရေးပါတီများ ပါဝင်မှုရှိမရှိ ဟူသောမေးခွန်းမျိုး။)
အတိုချုံးအားဖြင့် ပြန်ကြည့်မည်ဆိုလျှင်
Civil Society သည် နိုင်ငံတော်အစိုးရ၏ ထိန်းချုပ်မှုအောက်၌ ရှိမနေသော မိမိတို့၏သဘောဆန္ဒနှင့် ရည်းမှန်းချက်အရ လာရောက်စုစည်း ထားကြသည့် လွတ်လပ်တော်အဖွဲ့အစည်းများ၊ အစုအရုံးများ ၊ အစုအဖွဲ့များကို ဆိုလိုပြီး ထိုအဖွဲ့အစည်းများသည် မိမိတို့၏ကောင်းကျိုးနှင့် ရည်မှန်းချက်အတွက် ဖြစ်စေ၊ အများ၏ ကောင်းကျိုးနှင့် ရည်မှန်းချက်အတွက်ဖြစ်စေ အတူတကွ တိုင်ပင်ဆွေးနွေး၍ လုပ်ဆောင်ကြသည်။ ထိုအဖွဲ့အစည်းများ၊ ကွန်ယက်များ အနေဖြင့်အားကောင်းလာပါက နိုင်ငံတော်အစိုးရ၏အာဏာအား ကန့်သတ်ထိန်းညှိထားနိုင်ခြင်း (သို့) တရားမျှတမှုမရှိ သောအစိုးရများကို ဖြုတ်ချနိုင်ခြင်းအထိ စွမ်းဆောင်လာနိုင်သည် ဟု သုံးသပ်သည်။
အဘယ်ကြောင့် Civil Society ကို စိတ်ဝင်စားရသနည်း။
မြန်မာနိုင်ငံ၏ အရေးနှင့် မည်ကဲ့သို့ပတ်သက်မှုရှိသနည်း။
၁၉၆၀ မှ ၈၀ ကျော်ကာလများအထိ အရှေ့ဥရောပတွင် Civil Societies များက အလွန်တင်းကျပ်သော အာဏာရှင်ကွန်မြူနစ်အစိုးရများအား ဖြုတ်ချနိုင်ခဲ့သည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံ၊ ဖီလစ်ပိုင်နိုင်ငံနှင့် လက်တင်အမေရိကတိုက်မှ နိုင်ငံများတွင်လည်း Civil Societies များ၏ ဦးဆောင်မှုဖြင့် အာဏာရှင်များကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာတက်လှမ်းခဲ့သည်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ Civil Society ၏ အတွေးအခေါ်သည် ပြည်သူများ၏ပါဝင်မှုကို အားပေးသဖြင့် အချို့သောသုံးသပ်သူများက Civil Society မရှိသော ဒီမိုကရေစီသည် အနှစ်မရှိဟု သုံးသပ်ကြသည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် Civil Society သည် အပြန်အလှန်ဆက်စပ်မှိခို မှုရှိနေပြီး ခွဲခြား၍မရဟု ဆိုကြသည်။ အချို့ကလည်း အရှေ့ဥရောပနိုင်ငံများနှင့်လက်တင်နိုင်ငံများမှ သက်သေပြခဲ့သည့်အတိုင်း Civil Society သည် ဒီမိုကရေစီစနစ်သို့ ကူပြောင်းရာတွင် လိုအပ်ချက်တရပ်ဖြစ်သည် ဟု ဆိုကြသည်။
မျှမျှတတ စဉ်းစားသုံးသပ်ရသော် အာဏာရှင်အစိုးရများ ပြုတ်ကျစေသည့် အကြောင်းခြင်းရာများ (factors) သည် တခုထက်မကဘဲ မြောက်များစွာ ရှိနိုင်ပါသည်။ သို့ရာတွင် Civil Societies များက အရေးကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်နေသည် ဟုဆိုလျှင်လည်း မမှားပေ။
သို့ဆိုလျှင် ဆက်လက်တွေးတောစဉ်းစားရန်လိုအပ်သော မေးခွန်းများကား--
အဆိုပါနိုင်ငံများတွင် မည့်သည့်အကြောင်းခြင်းရာများက Civil Societies များကို အောင်ပွဲများ ဆောင်ကြဉ်းပေးစေခဲ့သနည်း။
ပြည်ထောင်စုမြန်မာနိုင်ငံရေး ပြောင်းလဲရှိလာအောင် Civil Society များက လုပ်ဆောင်နိုင်စွမ်းရှိနိုင်၊ မရှိနိုင် (သို့မဟုတ်) Civil Society ၏ အခန်းကဏ္ဍမှာ မည်ကဲ့သို့ ဖြစ်နိုင်ခြေရှိသနည်း။
မြန်မာနိုင်ငံတွင်း Civil Society များအားကောင်းလာအောင် မည်သည့်လှုမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းအချက်များ (Political, economic, social and cultural factors) လိုအပ်သနည်း၊
တနည်းအားဖြင့် Civil Society အတွေးအခေါ်သည် မြန်မာနိုင်ငံနှင့် ဟပ်စပ်မှုရှိ/မရှိ ဆိုသည့်အချက်ပင် ဖြစ်လေသည်။
 ဟာန်(ရှမ်းလူငယ်)
(ဒါ ကိုလူဗိုလ် နှင့် ကိုဝင်းကြိုင် တို့ hard copy  ဂျာနယ်စက္ကူ ပေါ်ကနေ တပင်တပန်း ကူးယူပြီး ပို့ပေးထားတာပါခင်ဗျ။)
Monday, January 3, 2011
အကို ဖားထွက်ရိုက်သလိုမျိုး
လူဗိုလ်
            (၁)
            ခုလိုမျိုးမိုးဦးညတွေမှာ သံစုံတီးဝိုင်းဆန်ဆန် ဖားအော်သံတွေကြားရပြီဆိုရင် ကျနော့်အကို့ကို သွားသွားသတိရ မိတယ်။ အကိုက ကျနော်တို့မောင်နှမတွေထဲမှာ ဒုတိယ။ ကျနော်နဲ့က တယောက်ခြား။ မောင်နှမတွေက တယောက်နဲ့ တယောက် ၅ နှစ်လောက်စီ ခြားကြတော၊့ အကိုနဲ့ကျနော်က ၁၀ နှစ်လောက် အသက်ကွာတယ်။ ကျနော်တို့ကြားမှာ အမဖြစ်နေတော့ အကိုနဲ့ကျနော်က ယောက်ျားလေးချင်း ပြောဖော်ဆိုဖော်လေ။ အသက်ကကွာတော့ သူငယ်ချင်းပေါင်း တော့လည်း မဖြစ်ခဲ့။ အကိုကြီးအဖရာ လိုလို။ ဆရာတပည့်လိုလို ဆက်ဆံရေး။
            အလွယ်ပြော ပြောရရင် ခပ်ငယ်ငယ်ကဆိုပါတော့ဗျာ။ ကျနော်က ၅ တန်းကျောင်းသား။ အကိုကတော့ ၁၀ တန်း ကို (ခ) အဆင့်နဲ့အောင်ထားပြီး ရပ်ကွက်သမ၀ါယမဆိုင်မှာ စာရေးဝင်လုပ်ရင်း ၁၀ တန်းကိုပြန်ဖြေနေတဲ့ အချိန်ပေါ့။ အကိုက ကျနော်တို့ကို ညည စာသင်ပေးတတ်တယ်။ သူ့လစာလေးထဲက ကျနော်တို့လိုအပ်မယ့် ကျောင်းသုံးပစ္စည်း လေးတွေ ၀ယ်ဝယ်ပေးတတ်တယ်။ မုန့်ဖိုးလေးတွေ မကြာမကြာပေးတတ်တယ်။ အထူးသဖြင့် ပန်းချီဝါသနာပါတဲ့ ကျနော့် ကို ပုံဆွဲစာအုပ်တို့၊ ရောင်စုံခဲတံတို့ဝယ်ပေးတတ်တယ်။ ဒါအပြင် ရွှေသွေးတို့၊ တေဇတို့ကိုလည်း ပုံမှန်ဝယ်ပေးလေ့ရှိတယ်။
            ဒီတော့အကိုက ကျနော်တို့အတွက် လေးစား၊ အားကိုးရာ။ အကို့စကားဆို ကျနော်တို့နားထောင်ကြတယ်။ လေး လေးနက်နက်လည်းခံယူကြတယ်။ ပြောကြစတမ်းဆို အဖေတို့အမေတို့ထက်တောင် အကိုစကားကအောင်တယ်။
            တမနက်။ တိတိကျကျပြောရရင် သောကြာနေ့မနက်၊ ကျနော်တို့ကျောင်းသွားဖို့ ပြင်နေချိန်။ အကိုလည်း ရုံးသွား ခါနီး။ တခုခုပြောချင်နေတဲ့မျက်နှာနဲ့ အကို ကျနော့်အနားကိုကပ်၊ ပုခုံးကိုတချက်ပုတ် ပြီ့း့   
            ညီလေ့း့  အကို ဒီညဖားထွက်ရိုက်မယ်ကွ တဲ့။
            ဒီလောက်သာပြောပြီး အိမ်ပေါ်ကဆင်းသွားတဲ့ အကို့ကျောပြင်ကိုကြည့်ရင်း ကျနော့်အတွေး၊ စိတ်ကူးတွေက အကို ဖားရိုက်မထွက်ခင် ဖားတွေလိုက်ရိုက်နေပြီ။ အကို့ဖားတွေကို မမြင်ရသေးခင် ဖားသားဟင်းတွေကို စားနေမိပါပြီ။
            ဟုတ်တယ်။ ကျနော်ကဖားသားဟင်းဆို သိတ်ကြိုက်တာ။ ဖားကိုအချောက်လှမ်းပြီး အကောင်လိုက်ပဲကျော် ကျော်၊ နုတ်နုတ်ဆင်းပြီး ငြုပ်သီးများများ၊ ကြက်သွန်များများနဲ့ ဘာလချောင်ကျော်သလိုပဲ ချက်ချက် ကြိုက်တယ်။ ကြက် သွန်ဖြူဥလေးတွေလိုလို အရေခွံကျွတ်နေတဲ့ ဖားခြေထောက် ကြွက်သားလေးတွေကို အကြိုက်ဆုံးပဲ။ မာပြင်းပြင်းလေး။
            အကိုဖားထွက်ရိုက်မယ်ဆို့  တ၀စားရဦးတော့မှာပေါ့။
(၂)
            နို့ဖိုးဒုက္ခသည်စခန်ုးထဲရောက်ကတည်းက ကျနော်ကကျောင်းဆရာ။ ကျနော် BLC မှာအလုပ်လုပ်နေစဉ် လုပ်ငန်း အရ အဆက်အစပ်ရှိခဲ့တဲ့ မငယ်က ဒီနို့ဖိုးဒုက္ခသည်စခန်းမှာ စခန်းပညာရေးကော်မတီဝင်။ စခန်းထဲ ရောက်တာနဲ့ ကျနော် လည်းအလုပ်ရှိရအောင်၊ သူတာဝန်ယူထားရတဲ့ ကျောင်းဆရာရှာဖွေရေးလုပ်ငန်းလည်း အဆင်ပြေအောင်စီစဉ်လိုက်တာ။      ကျနော် ဒုက္ခသည်စခန်းထဲရောက်တာ ၃ နှစ်ကျော်ပြီ။ မငယ်တောင် ဆွီဒင်နိုင်ငံကိုထွက်သွားတာ ၂ နှစ်ပြည့် တော့မယ်။
            နို့ဖိုးမိုးနဲ့ကျနော်နဲ့ကမတဲ့ဘူးဗျ။ ကျနော်ကလည်း အအေးဒဏ်မခံနိုင်။ နို့ဖိုးမိုးကလည်း တနှစ် မှာ ၆ လကျော် ကျော်လောက်ရွာတယ်။ ရွာပြီဆိုရင်လည်းတပတ်နှစ်ပတ် ဆက်တိုက်။ ဒီတော့ အဆုပ်ခဏခဏပွတတ်တဲ့ကျနော် မိုးရွာထဲ ကျောင်းနဲ့အိမ်နဲ့ကို တနေ့ ၄ ခေါက်လောက် ပုံမှန်အသွားအပြန်လုပ်နေရတော့ ခြေအေးလက်အေးဖြစ်။ ခေါင်းကို မိုးမိတာ များရတဲ့အထဲ စာသင်ချိန်တွေမှာ ဘလက်ဘုတ်ကိုဖျက်လိုက်တိုင်း မုန်တိုင်းထထသွားတတ်တဲ့ မြေဖြူမှုန့်တွေက ကျနော့် နှာခေါင်းထဲ အလုအယက်ပြေး ပြေးဝင်တတ်ကြတော့  ။
            ကျနော်ကိုယ်တိုင်ပဲ ကျောင်းအုပ်ကတဆင့် စခန်းပညာရေးမှူးဆီ ထွက်စာတင်လိုက်ပါတယ်။ ရောဂါကြောင့် ကျောင်းမကြာမကြာပျက်နေရတာက တကြောင်း၊ ကျနော့်ဆီကရောဂါတွေ ကလေးတွေဆီ ကူးဆက်သွားမှာစိုးရိမ်မိတာက တကြောင်း၊ ဒီနှစ်ကြောင်းကြောင့်ပဲ ကျောင်းဆရာအဖြစ်ကို နိဂုံးချုပ်ခွင့်ြ့ပုပါရန် ဆိုပြီ့း့ ။
(၃)
            ပြဿနာကခုမှ စတယ်။ ဒုက္ခသည်စခန်းမှာ အလုပ်အကိုင်မရှိတော့ ၀င်ငွေမရှိ။ ၀င်ငွေမရှိတော့ စားဝတ်နေရေး ကြပ်တည်း။ နောက်ဆက်တွဲဆိုးကျိုးက အိမ်တွင်းရေးပြဿနာတွေတက်။ ဒီတော့ အလုပ်ရှိဖို့ လိုလာပြန်တာပေါ့။
            ခုတလောကျနော့်မှာ အလုပ်တွေက အတော့ကိုများတာ။ ကျနော့်လို ၀င်ငွေမဲ့အလုပ်မျိုး ၀ါသနာပါတဲ့လူနဲ့ တွေ့ရရင် ကောင်းမယ်။ ကျနော်တယောက်ထဲမနိုင်တော့ တွဲလုပ်ချင်လို့။
            ပထမဆုံး ကျနော်လုပ်ချင်တဲ့အလုပ်က ဒီမိုကရေစီယဉ်ကျေးမှုစစ်တမ်း ကောက်ယူဖို့။ ကျနော်တို့နိုင်ငံမှာ ဒီမိုက ရေစီတော်လှန်ရေးကြီးစခဲ့တာ အနှစ် ၂၀ ကျော်ပြီ။ ဘာကြောင့် ဒီမိုကရေစီနဲ့ မနီးစပ်သေးတာလဲ။ ဘာတွေအားနည်းခဲ့ လို့လဲ။ ဘယ်သူတွေမှာတာဝန်ရှိလဲ။ ဘာတာဝန်တွေမကျေခဲ့လို့လဲ ဆိုတာတွေကို အနည်းဆုံးသိဖို့လိုပြီ။ ပြန်သုံးသပ်ကြဖို့ လိုပြီ။ သဘောထားစစ်တမ်းတွေကောက်ဖို့ လိုပြီ။ ကျယ်ကျယ်ပျံ့ပျံ့လုပ်နိုင်လေ အကျိုးရှိလေပဲ။ လူတန်းစား၊ အလွှာ၊ နေရာ စုံလေကောင်းလေပဲ။ တစု၊ တဖွဲ့၊ တဖက်ထဲရဲ့အသံချည်းသက်သက်ဆိုရင်လည်း အဖြေမှန်းနဲ့နီးစပ်ဖို့မလွယ်ဘူး။ ဆင်ခြေတွေပဲ များနေဦးမှာ။
            ဒုတိယတခုက ဖြတ်သန်းမှုသမိုင်းလေးရေးချင်တဲ့ကိစ္စပါ။ ကျနော်က ABSDF ရဲဘော်ဟောင်းဆိုပေမယ့် အများ သိနေကြတဲ့ ကရင်ပြည်နယ်က ABSDF မဟုတ်ဘူး။ ဟိုး  ရှမ်းပြည်နယ်၊ ပအိုဝ့်နယ် မြေက ABSDF။ တပ်ရင်အနေနဲ့တော့ (၆၀၁) တပ်ရင်း။ အောင်ဟမ်းရိုင်းတပ်ရင်းလို့လည်းခေါ်တယ်။ ဒါက ပအိုဝ့်လိုခေါ်တာ။ အဓိပ္ပါယ်က ရဲရင့်အောင်မြေ တဲ့။ ကျနော်တို့တပ်ရင်းမှာလည်း ထူးခြားတဲ့ဖြတ်သန်းမှုသမိုင်းလေးတွေ ရှိတယ်။ ဥပမာ ကျနော်တို့တပ်ရင်း ABSDF မဖြစ်ခင် က ဒီမိုကရက်တစ် လူငယ်များတပ်မတော် Democratic Youth Army ဆိုပြီးစ ဖွဲ့စည်းခဲ့တာမျိုး။ PNA ပအိုဝ့်တပ်မတော် စစ်အစိုးရဆီ အလင်းပြန်ဝင်သွားတော့ ကျနော်တို့တပ်ရင်းတခုလုံး ထွက်ပြေးရတဲ့အဖြစ်တွေ။ ဒါမျိုးလေးတွေကို မှတ်တမ်း တင်ချင်တာ။ ခုဆို ကျနော်တို့တပ်ရင်းဆိုတာ နာမည်တောင်မရှိတော့ဘူး။ ရဲဘော်တွေလည်း အကုန်နီးပါး မရှိကြတော့ဘူး။ မှတ်တမ်းတင်မယ့်လူသာ မရှိရင်၊ ကျနော်တို့သမိုင်းတွေဟာ ဖြစ်ပျက်ဆိုတဲ့ဖြစ်စဉ်ထဲ ခဏလေးအတွင်း လွယ်လွယ်နဲ့ပဲ ပျောက်ပျက်သွားတော့မှာပေါ့။ နောင်းလူတွေအတွက် တစုံတရာ မှတ်တမ်းရှိဖို့လိုမယ် ထင်လို့ပါ။
            နောက်တခုက တတိယအမြင်နဲ့ သဘောထားလေးတွေကို ထူးခြားတဲ့အခြေအနေအလိုက် ထုတ်ပြန်ဖို့ကိစ္စ။ စစ်အစိုးရအဆက်ဆက်ရဲ့ သဘောထားတွေကိုသိပြီး တော်လှန်ခဲ့ကြတဲ့ ကျနော်တို့ဟာ၊ အတိုက်အခံအင်အားစုတွေရဲ့ သဘောထားအမြင်တွေကိုလည်း ရိပ်မိနေကြပြီလေ။ ဒီတော့ ၂ ဖက်အမြင်၊ သဘောထားတွေကို သိနေတဲ့လူတွေက ပို ပြည့်စုံမယ့်အမြင်သစ်တခုကို ပြပေးခဲ့ဖို့လိုလိမ့်မယ်။ တာဝန်လည်းရှိတယ်။ တဖက်ဖက်ကိုယိမ်းပြီး အခြေအနေအရ တင်ပြ နေကြတာတွေရှိခဲ့ပေမယ့် ဒါမျိုးကို တတိယအမြင်လို့ မပြောနိုင်ပါဘူး။
            ကျနော်ဆိုလိုတဲ့တတိယအမြင်ဆိုတာက ဘက်နှစ်ဖက်လုံးကို ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းနဲ့ ဆန့်ကျင်ခြင်းတွေ ကင်းဖို့လိုလိမ့်မယ်။ လိုနေတဲ့ကွက်လပ်ကို ရှာဖြည့်ပြဖို့ပဲဖြစ်ရမယ်။ အပြုသဘောနဲ့ ဘက်လိုက်မှုကင်းဖို့လည်း လိုမယ်။ ဘာကြောင့်လည်းဆိုတော့ ဘက်နှစ်ဖက်လုံးမှာ ဆုပ်ကိုင်ထားကြတဲ့ အမှန်ဆိုတာတွေရှိနေကြပေမယ့် အမှားတို့၊ အားနည်း ချက်တို့မကင်းကြဘူးလေ။ အနည်းအများပဲ ကွာမှာ။ ဒီအခြေခံပေါ်ကရေးချင်တာ။ တဖက်အမြင်တွေထက်တော့ ပြည့်စုံ မယ်လို့ ယုံတယ်။
            သေးသေးဖွဲဖွဲအလုပ်လို့ ပြောရမယ့်ဟာတွေကလည်း အများသား။ မြန်မာပြည်သူကြီးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဒုက္ခ သည်ဘ၀တွေအကြောင်းလည်း မှတ်တမ်းတင်ထားချင်တယ်။ ဒုက္ခသည်ထဲကမှ အတိုက်အခံဟောင်းတွေရဲ့ ဖြစ်တည်မှု တွေ။ ဥပမာ အကြမ်းဖက်အဖြစ်အသတ်မှတ်ခံထားရပြီး အမေရိကန်နိုင်ငံရဲ့ ဟိုး(Hold) လုပ်ခံထားရတဲ့အခြေအနေတွေ။ နစ်နာမှု၊ ခံစားချက်တွေ။ ဒီကိစ္စတွေက မီဒီယာတွေကလည်းစိတ်မ၀င်စား၊ အဖက်ဖက်ကပိတ်ပင်ထားကြတော့ တိတ်တိတ် လေး ကြိတ်ခံစားနေကြရတဲ့ အဖြစ်အပျက်တွေလေ။
            ကျနော်လုပ်ချင်တာတွေက ငွေကုန်ဖို့သက်သက်။ မနောကံ၊ ၀ဇီကံကို ကျော်လိုက်တာနဲ့ ငွေမကုန်ရတာ မရှိ။ စာရေးတာကအစ စာရွက်၊ ဘောပင်၊ ညဖက်စာရေးနိုင်ဖို့မီးခ တခုခု။ ဒါတင်မကဘူး စာရိုက်ဖို့ ကွန်ပျူတာခ၊ အီးမေးနဲ့ လှမ်းပို့နိုင်ဖို့ အင်တာနက်ခ။ ဒါတောင် အသံဖမ်းဖို့၊ ဓါတ်ပုံမှတ်တမ်း ယူဖို့တို့မပါသေးဘူး။ ကျနော်တို့အတွက်ပဲ ခက်နေ တာပါ၊ တချို့အတွက်တော့ ဒါတွေက အလျှံအပယ်။
            တကယ်လိုအပ်တဲ့သူကို တတ်နိုင်သူတွေက ကူညီ၊ ဝေမျှတတ်ကျတဲ့ယဉ်ကျေးမှု ကျနော်တို့ကြားမှာ ထွန်းကား လာမယ် ဆိုရင်တော့  ။
(၄)
            မိသားစုစားဝတ်နေရေး၊ စိတ်ဝင်စားရာ အကောင်အထည်ဖော်နိုင်ရေး၊ ဒါတွေအတွက် လိုနေတာက ငွေ။ ဒီငွေကို ရှာဖို့ကိစ္စကကျနော့်အတွက် မဟာအခက်အခဲ။ မကျွမ်းကျင်ဆုံးနဲ့ စိတ်မ၀င်စားဆုံး။ ဒါကြောင့်ပဲ အပူတွေ အကူးခံထားရတဲ့ ရဲဘော်ရဲဘက်တွေက အကြံပေးကြပါတယ်။
            ခင်ဗျားက စာလေးဘာလေး ရေးတတ်တော့ ၀တ္ထုလေး၊ ဆောင်းပါလေးတွေရေးပြီး ပိုက်ဆံရမယ့်ဝက်ဆိုက်တွေ ကို ပို့ကြည့်ပေါဗျာ တဲ့ 
            ဒီအကြံက လက်ခံချင်စရာ။ ဒီလိုနည်းတွေနဲ့ပဲ ဒုက္ခသည်စခန်းမှာ ရပ်တည်နေကြတဲ့ လူတချို့လည်းရှိလေရဲ့။ တချို့ ဒေါ်လာစားတွေရှိသလို၊ ကဗျာတပုဒ် ၃၀၀၊ ၀တ္ထုတပုဒ် ၅၀၀  တွေနဲ့ အဆင်ပြေနေကြသူတွေလည်း ရှိတာကိုး။
            ခက်တာက ကျနော်ကစိတ်ပါပြီး ရေးချင်စိတ်ရှိလာမှ ရေးထွက်တာ။ နောက့့်  ကိုယ်စိတ်ဝင်စားတဲ့ အကြောင်း ကိုပဲ ရေးချင်တာ။ သေချာတာက ဟိုစပ်စပ်ဒီစပ်စပ်ရေးဖူးပေမယ့် ဘာတခုမှ ပရော်ဖက်ရှင်နယ် မဖြစ်ဘူး။
            လုပ်ချင်တာလေးတွေလုပ်နိုင်ဖို့ တချို့ကိစ္စကိုတော့ တွဲလုပ်ရမယ်ဆိုတဲ့ တကိုယ်တော်မူနဲ့ စာလေးတွေကို အားစိုက်ရေးဖွဲ့ကြည့်ပါတယ်။ ဖြစ်လာတာတွေလည်းရှိသလို ပျက်သွားတာတွေလည်း အပုံကြီး။
            လုပ်ရင်းက ခုဆို မိသားစုအကြပ်အတည်းဘ၀ကို ကုန်ကြမ်းအဖြစ် ကြည့်မြင်တတ်လာပြီ။ စကားဝိုင်းတွေထဲမှာ ကုန်ကြမ်းရှာတတ်လာပြီ။ စာရွက်တဖက်လွတ်တွေကို တန်ဖိုးထားတတ်လာပြီ။ ဖရီးကွန်ပျူတာ သုံးနိုင်ခွင့်ကို ထွင်တတ် လာပြီ။ အင်တာနက်တက်နိုင်ခွင့်ကို ပျောက်ကျားပစ်တတ် နေပြီ။
            ဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဗိုလ်ကျားကို ပြေးသတိရမိတယ်။ မာနယ်ပလော ခေတ်ကောင်းချိန် လောက်က နာမည်ကြီးခဲ့တဲ့ ကဗျာဆရာ ဗိုလ်ကျားပေါ့။ မာနယ်ပလောတခွင်လုံးကို ဗိုလ်ကျားရဲ့ကဗျာတွေက နေရာယူ ထားတာ။ သစ်ပင်တွေ၊ နံရံတွေတိုင်းမလွတ်ဘူး။ ကင်းစောင့်နေတဲ့ ရဲဘော်လေးတွေ၊ ထမင်းချက်နေတဲ့ စားဖိုမှူးတွေရဲ့ လက်ထဲအရောက် သူ့ကဗျာတွေကို ဖြန့်ချိနိုင်တယ်။ အခြားစာစဉ်၊ စာစောင်တွေ ပုံမှန်ထွက်နိုင်ဖို့ ခက်ကောင်းခက်နေ ကြမယ်။ ဗိုလ်ကျားရဲ့ သက္ကဌစာစဉ် ကတော့ ပုံမှန်ပဲ။
ရလဒ်ကတော့ ဗိုလ်ကျားဆို ဘယ်ရုံးကမှ အ၀င်မခံကြတော့။ ဗိုလ်ကြားလာရင် စာရွက်တောင်းတတ်လို့၊ စာရွက် ဖိုး တောင်းတတ်လို့၊ စာရွက်ထုတ်တွေ ပျောက်တတ်လို့ တဲ့။
            ခုလည်း ကျနော့်ကို ရပ်နီး၊ ရပ်ဝေးမိတ်ဆွေများကအစ ရှောင်လာကြပါပြီ။ အသေးအမွှားလို့ပြောရမယ့် ပရင့် ထုတ်တဲ့အချိန် ရိုက်ထားတဲ့စာ မှားနေတာမြင်လို့ တလုံးနှစ်လုံးကို ပြင်ဆင်ခွင့်လေး တောင်းရင်တောင်
            ခင်ဗျား တလုံးနှစ်လုံးကို ကြောက်နေပြီဗျာ တဲ့  ။
(၅)
            အကူအညီတွေခေါင်းပါးလာတော့ ခိုင်ထူးသီချင်းထဲကလိုပဲ မင်းလောက်ကိုယ့်အပေါ် ဘယ်သူ မှမကောင်းဘူး ဆိုတဲ့ ဓါတ်ပြားဟောင်းကိုပဲ ပြန်ဖွင့်ရတာပေါ့။ ဇနီးသည်ကိုမြှုပြီး စားစရိတ်မရှိမယ့်ရှိမယ့်ထဲက ရေညှစ်ရတာပေါ့။
            မိန်းမရယ့့်   ငါ့စာမူခလေးရရင် ပြန်ပေးပါမယ်ကွာ။ စာသွားရိုက်ဖို့ လိုနေလို့ပါ။
            ငါ့စာမူလေးပို့ချင်လို့ အင်တာနက်ဖိုးလေး ခဏ သွားချေးထားပေးပါကွာ။
            စာမူခရတာနဲ့ ပြန်ပေးမယ် စိတ်ချ့ 
            ဒီတခါ နောက်ဆုံးပါကွာ့ 
            စာမူခ ရခြင်း၊ မရခြင်းက မသေချာပေမယ့် အရင်းအနှီးကတော့ ဒီနဲ့တင် ရပ်မနေပါဘူးဗျာတို့။
စာရေးဖို့ကြိုးစားမှ ညဖက်ညဖက် ကလေးတွေကို စာသင်ပေးနေကျက မသင်ဖြစ်တော့။ ဒါ့အပြင် စာလာလာ မေးပြီဆိုရင်လည်း ရထားတဲ့စိတ်ကူးအတွေးလေး ပျက်သွားမှာစိုးလို့ အော်ရ၊ ငေါက်ရ။
            ငါ့ဆီမလာကြနဲ့၊ သွာ့း့   နင်တို့အမေကို သွားမေးကြ
            ခဏလောက် တိတ်တိတ်လေးနေပေးကြပါ။ ဒီမှာ အာရုံလေး ပျောက်မသွားအောင်လို့
            စကားပြောဖော်၊ ဆွေးနွေးဖော် မိတ်ဆွေတွေနဲ့လည်း ဆက်ဆံရေးကျဲလာပြီ။ တွေ့ဖြစ်ရင် စကားပြောဖြစ်နေမှာမို့ အိမ်ရှေ့မှာ စာမရေးရဲပဲ၊ အခန်းမှောင်မှောင်ထဲ စာခိုးရေးရတာလည်း တဒုက္ခ။
            ခါတိုင်းလုပ်နေကျ အဖွဲ့အစည်းအလုပ်တွေလည်း ပျက်ကွက်တာများပြီလေ။ စိတ်ရောကိုယ်ပါ အားတက်သရော ထူထောင်ခဲ့တဲ့ ဗမာအမျိုးသားအသင်းရဲ့ လုပ်ငန်းတွေနဲ့လည်း ကင်းကွာသွား။ တိုင်းရင်းသားရင်ပြင် သင်တန်းကျောင်းနဲ့ လည်း ခပ်စိမ်းစိမ်းဖြစ်သွား။ ဒါတွေက ပေးလိုက်ရတဲ့ မထင်မရှား အရင်းအနှီးတွေပေါ့ဗျာ။
(၆)
            တညနေလုံး အကိုဖားထွက်ရိုက်ဖို့ပြင်တဲ့ လက္ခဏာကို အရိပ်အရောင်တောင်မမြင်ရ။ ညဖက်ရောက်တော့လည်း အခန်းထဲမှာ စာထိုင်ရေးနေတာပဲ တွေ့နေရတယ်။ အကို မညာတတ်မှန်းသိပေမယ့် သံသယ၀င်ချင်ချင်။ အကို ဘယ်တော့ များ ဖားရိုက်ထွက်မလဲစောင့်ရင်းက ကျနော်သာ အိပ်ပျော်သွားခဲ့ရ။
            မနက်နိုးနိုးချင်း မနေနိုင်မထိုင်နိုင် အကို့ကိုလိုက်ရှာပြီး မေးပစ်လိုက်တယ်။
            ညက  ဖားထွက်ရိုက်မယ်ဆို  လို့ 
            ဟုတ်တယ်လေ။ အိမ်မှာ ဖားတွေမှမတွေ့ရပဲ။ မနေ့ကတနေကုန် စိတ်ကူးယဉ်ခဲ့သမျှ အလကားဖြစ်ကုန်တာကိုး။
            အကိုက ဘာမှပြန်မဖြေပဲ သူ့အခန်းထဲပြန်ဝင်သွားတယ်။ တအောင့်လောက်အကြာ ထွက်လာတော့ လက်ထဲမှာ လျှောက်လွှာစာရွက်တထပ်နဲ့။ ပြီးတော့ ပြောလိုက်သေးတယ်၊ ဖတ်ကြည့် တဲ့။
            ရေးထားတဲ့စာက ၀တ္ထုနဲ့တူပါတယ်။ (ရ) မျက်နှာလောက်ရှိတယ်။ ခေါင်းစဉ်က ဒီည ဖားထွက်ရိုက်မယ် တဲ့။
            စာဖတ်နေရာက ရုတ်ကရက်ခေါင်းထောင်လာတဲ့ ကျနော့်ကို ကြည့်နေတဲ့အကိုက လှမ်းပြုံးပြရင်း၊ ဆက်ဖတ့့်   ဆက်ဖတ် တဲ့။
            ကျနော်ဖတ်ကြည့်ပြီး နားလည်လိုက်တာက ဖခင်တယောက် သူ့မိသားစုစားဖို့ ဖားထွက်ရိုက်တဲ့ အကြောင်း။ ဖားတညထွက်ရိုက်လို့ ရလာတဲ့ဖားတွေနဲ့ ပေးလိုက်ရတဲ့ အရင်းအနှီးတန်ဖိုးတွေကို ယှဉ်ပြထားတာ။ ဖာရိုက်ဖို့ မီးခွက်ထဲ ထည့်ရတဲ့ ရေနံဆီဖိုး၊ တညလုံးမိုးရွာထဲ မိုးမိခံရတဲ့ဒုက္ခ၊ ကြုံတွေ့ရတတ်တဲ့ မြွေအန္တရာယ်တွေနဲ့ အိမ်မှာချန်ထားခဲ့ရတဲ့ သားသမီးတွေအပေါ် ပျက်ကွက်မှု၊ ဒါတွေကိုရေးထားတာ။
ကျနော်တော့ ဒီလိုတခါမှဒါတွေ မတွေးမိပါဘူး။ အကိုရေးသလို ဖားရိုက်ထွက်သူတိုင်းလည်း စဉ်းစားမိကြမယ်လို့ မထင်ဘူး။ ဒီလိုသာလိုက်တွက်နေမယ်ဆိုရင် ဖားရိုက်တဲ့သူတောင် ရှိတော့မှာမဟုတ်ဘူး။
ဟာ့   အကို့ ဖားရိုက်ထွက်မယ် ဆိုတာကြီးကလဲ့ ။
၀၇ ၊ ၀၉ ၊ ၀၉
( ဒါကိုနေမင်းသူတဆင့်သိရတဲ့ ကိုလူဗိုလ် ပို့ပေးလိုက်တဲ့ဆောင်းပါခင်ဗျ။ ကိုလူဗိုလ် က လူငယ်စကားဝိုင်း အတွက်ဆောင်းပါးတော်တော်များများ ပို့ပေးထားပါတယ် ။
ကျနော်လည်း အခုတလော အလုပ်ချိန်အရမ်းများနေပြီး စာရေးချိန်မရှိသလောက် ဖြစ်နေလို့ ပို့စ် တင်စရာမရှိဖြစ်နေတုန်း ကိုလူဗိုလ့် ဆောင်းပါးတွေရောက်လာတာနဲ့
အတော်ပဲဖြစ်သွားပါတယ်။ ခုရက်ပိုင်း အတွင်း ကိုလူဗိုလ့် ဆောင်းပါးတွေ ဆက်တိုက်တင်ဖို့ရှိတဲ့အကြောင်း ကြိုတင်သတင်းပေးပါရစေခင်ဗျ။)