Pages

Thursday, January 6, 2011

လွတ်လွတ်လပ်လပ် တွေးတတ်မြင်တတ် ဖောက်ထွက်ဆွေးနွေး တတ်ပါစေ

ကိုဝါခေါင်ရေ

လူငယ်တွေဘာကြောင့် စစ်တပ်ထဲဝင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ပြောပြချင်တယ်။ ကျွန်တော်တို့ အခြေခံစစ်ပညာသင်တန်း ပြီးတဲ့အခါ ကိုယ်နဲ့သက်ဆိုင်တဲ့ ပညာသည်အုပ်စု(အတိုကောက် “ပည” လို့ခေါ်ပါတယ်) အတန်း(၃) သင်တန်းမတက်ရခင်မှာ သက်ဆိုင်ရာတပ်တွေမှာ ခေတ္တတွဲဖက်နေရတယ်။ တနေ့မှာတော့ ကျွန်တော်တို့အုပ်စုကို ဒုတပ်မှူးက ဟောခန်းတစ်ခုထဲမှာ ခေါ်ပြီးတွေ့တယ။် အဲဒီဗိုလ်မှူးက ခပ်ပျော်ပျော်နေတတ်ပုံရတယ်။ ကျွန်တော်တို့တတွေကို ညီအကိုလို ရင်းရင်းနှီးနှီးပဲခေါ်ပြောဆက်ဆံတယ်။
          စစ်သည်တွေအားလုံး တစ်ယောက်စီထပြီး ကိုယ့်ကိုယ်ကိုမိတ်ဆက်ရတယ်။ ပြီးတော့ သူကတစ် ယောက်ချင်းကို ဘာအားကစားဝါသနာပါသလဲ။ ဘာဖြစ်လို့စစ်တပ်ထဲဝင်တာလဲလို့မေးတယ်။
          အားကစားကိစ္စမှာတော့ ကိုယ်သန်ရာသန်ရာ ဖြေကြပေမယ့် စစ်ထဲဝင်တဲ့ရည်ရွယ်ချက်ကို ပြောတဲ့နေ ရာမှာတော့ အားလုံးတစ်ထေရာတည်းလိုပဲ “ကိုယ့်ဘ၀တိုးတက်မှုကို ဖြစ်စေလိမ့်မယ်ထင်လို့ဝင်တာ”လို့ ဖြေကြတယ်။
          အပေါ်ယံကြည့်ရင်တော့ ဒီကောင်တွေကိုယ်ကျိုးကိုရှေ့တန်းတင်ပြီး တပ်ထဲကိုဝင်တာပဲ။ ဘာ မျိုးချစ်စိတ်မှမရှိဘူးလို့ ထင်ကြမယ်။ ကျွန်တော်တို့သင်တန်းဆင်းအုပ်စုမှာ လူတစ်ရာကျော်ရှိတယ်။ ပညာအရည်အချင်းက အားလုံးဆယ်တန်းအောင်ပြီးသားတွေ။ အသက်အရွယ်အားဖြင့်တော့ ၂၃ နစ် ၂၄နှစ် အရွယ်က ကျွန်တော့်အပါအ၀င်ဆယ်ယောက်လောက်ရှိတယ်။ အဲဒီအထဲမှာ ဘွဲ့ရပြီးသား သုံးဦးလောက်ပါတယ်။ စာပေးစာယူတက်နေဆဲလူတွေပါတယ်။ အချို့က ၀န်ထမ်းဌာနတွေမှာ လုပ်ခဲ့ ဖူးသူတွေရှိတယ်။ ကျန်တဲ့သူတစ်ရာလောက်က အသက် နှစ်ဆယ်အောက်တွေချည်းပဲ။ ဆယ်တန်း အောင်ပြီးကာစအရွယ်တွေ။
          စစ်သည်အားလုံးလိုလိုက ကိုယ်ရေးကိုယ်တာကိစ္စကို ရှေ့တန်းတင်ပြောလိုက်တဲ့အခါ လူ့ လောကအတွေ့အကြုံ နည်းနည်းရှိထားတဲ့ ကျွန်တော်တို့က စိတ်ပူမိတယ်။ ကိုယ်ဖြစ်ချင်တာကို တည့်တိုးကြီး ပြောလိုက်တဲ့အခါကျတော့ ဟိုအရာရှိများ စိတ်ဆိုးသွားလေမလားပေါ့။ ၀န်ထမ်းလောက ဆိုတာ “ဂါရ၀” တရားနဲ့သတိထားပြီး ဆက်ဆံရတာမဟုတ်လား။
          ဒါပေမယ့် ကျွန်တော်တို့ထင်ထားသလို ဖြစ်မလာဘူး။ ဒုတပ်မှူးက စစ်သည်တွေပြောသမျှကို ပြုံးပြုံးကြီးနဲ့ နားထောင်နေတယ်။ တခါတခါ ခေါင်းပါညိတ်လိုက်သေးတယ်။ အားလုံးပြောပြီးတော့မှ
          “ရဲဘော်တို့ ကိုယ့်ဘ၀တိုးတက်ဖို့ စိတ်ဝင်စားတာကောင်းပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဘွဲ့မရသေးသူက ဘွဲ့ရအောင်ကြိုးစား။ ဘွဲ့ရပြီးသူက သတ်မှတ်တဲ့အချိန်တစ်ခုစောင့်ပြီး ရင် ဗိုလ်သင်တန်းဖြေကြ။ စစ်တပ်ထဲမှာတော့ ဒီနည်းကအကောင်းဆုံးပဲ။ ပုံမှန်တဆင့်ပြီးတဆင့်တက် နဲ့ အရာခံဗိုလ်စောစောစီးစီးဖြစ်မယ်ဆိုရင်တော့ အသက် ၆၀ ပြည့်အငြိမ်းစားယူတဲ့အခါ ကော်မရှင် ပြန်တမ်းဝင်ဗိုလ်ကြီးဘ၀နဲ့ ပင်စင်ရမယ်။ ဒီတော့ ကိုယ့်အခြေအနေနဲ့ကိုယ် ချင့်ချိန်ပြီးကြိုးစားကြ။ လူငယ်ဘ၀မှာ မျှော်လင့်စရာတွေများတယ်။ အသက်ကြီးလာရင်တော့ ရွေးချယ်စရာတွေနည်းသွား တတ်တယ်။ အဲဒါကိုလည်း ထည့်စဉ်းစားကြဦး” လို့ အေးအေးဆေးဆေးပြောပြတယ်။ အဲဒီလိုအမြင်ကျယ်တဲ့လူက တပ်ထဲ မှာ ရှားတော့ရှားသား။
          ခုနောက်ပိုင်း အချိန်တွေမှာ အဲဒီဖြစ်စဉ်လေးကို ပြန်စဉ်းစားကြည့်တော့ လူငယ်တွေကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို အကွယ်အ၀ှက် ပွင့်ပွင့်လင်းလင်းပြောရဲတာကောင်းတယ်ဗျ။ အဲဒါကို လူကြီးတွေကလည်း နားလည်ပေး ဖို့လိုတယ်။ လူတစ်ယောက်တိုးတက်အောင်မြင်တယ်ဆိုရာမှာ သူ့ဘ၀ရဲ့ အနာဂတ်မျှော်လင့်ချက်က မက်လုံး တစ်ခုအနေနဲ့ စေ့ဆော်အားပေးနေတယ်။ သဘာဝလည်းကျတယ်။ ဒါကြောင့် တစ်ဦးချင်းဖွံ့ဖြိုးတိုးတက်မှုကို ကြိုဆိုရမယ်။ အားပေးအားမြှောက်ပြုရမယ်။ တစ်ဦးချင်းဖွံ့ဖြိုးမှုကို လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုနှင့် သဟာဇာတဖြစ် အောင်၊ ချိတ်ဆက်မိအောင် တည့်မတ်ပေးဖို့ပဲလိုတယ်။ အတ္တကြီးတယ် ကိုယ်ကျိုးကြည့်တယ်လို့ မမြင်စေချင် ဘူး။
          အဲလိုမဟုတ်ဘဲ လူငယ်တွေကလည်း လူကြီးတွေရှေ့မှာ အားနာသလိုလို ကြောက်ရွံ့သလိုလိုနဲ့ ကိုယ့် ရင်ထဲရှိရာကို အမှန်မပြောဘဲ ဖုံးကွယ်ထိန်ဝှက်ထား။ လူကြီးတွေကလည်း လူငယ်တွေပါးစပ်ဖျားက အတ္တထက် ပရကို ဦးစားပေးပြောဆိုတာတွေသာကြားချင် ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းမျိုးမှာတော့ ရိုးသားမှုတွေ ကွယ်ပျောက်နေပြီး ကြာလာရင် လောကကို မချင့်မရဲဖြစ်တဲ့ အငုံ့စိတ်တွေကြီးထွားလာတတ်တာ သဘာဝပဲ။
          စောစောကစကားကို ဆက်ရရင် ကျွန်တော်တို့အုပ်စုထဲမှာ ကြည်းတပ်အရာရှိဖြစ်သွားတာ(၅)ဦး၊ ရေတပ်အရာရှိဖြစ်သူက (၄)ဦး ရှိတယ်။ တပ်မှာမနေနိုင်လို့ ထွက်ပြေးသွားသူတွေရှိတယ်။ ကျန်းမာရေးအ ကြောင်းပြချက်နဲ့ နှုတ်ထွက်သူတွရှိတယ်။ ဟိုမရောက်ဒီမရောက် စခန်းသွားနေသူတွေလည်းရှိတယ်။ ကိုယ့်ဖြစ် နိုင်ခြေနဲ့ကိုယ် လျှောက်လှမ်းနေကြတာဖြစ်သလို တစ်ဖက်ကလည်း တူညီတဲ့အခွင့်အရေးကို ဖန်တီးပေးမထား ပြန်ဘူး။ အမှန်ကတော့ တူညီတဲ့အခွင့်အရေး ရှိနေတာတောင်မှ အရည်အချင်း မတူညီမှုကြောင့် အားလုံးတ ပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။
          ချုပ်ပြောရရင်တော့ ဒီခေတ်မှာ မျိုးချစ်စိတ်ရှိရမယ်။ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်ပိုးရမယ် စသည်ဖြင့် လက်ဆုပ်လက်ကိုင်မရှိတဲ့ စကားလုံးတွေနဲ့ လူငယ်တွေရဲ့ စိတ်ကိုချည်နှောင်မထားသင့်တော့ဘူး လို့ ထင်မိတယ်။ တကယ်လက်တွေ့မှာလည်း အဲဒီစကားတွေဟာ လူငယ်တွေအတွက် အားမဖြစ်ဘဲ ကိုယ့်ကိုယ်ကို အကာအကွယ်ယူတဲ့ ခြုံလွှာတွေလိုဖြစ်နေတတ်တယ်။
          စစ်တပ်ထဲမှာ ကျွန်တော်ထိတွေ့ဆက်ဆံရသူတွေကို လေ့လာကြည့်တဲ့အခါ စာအုပ်ကြီးလို့ ထင်ရတဲ့ လူအများစုဟာ အခွင့်ကြုံရင်ကြုံသလို ကိုယ်ကျိုးရှာတတ်ပြီး ပေါ့ပေါ့ပါးပါး နေတတ်သူတွေကသာ သူ့ဖက်ကိုယ့် ဖက် ကြည့်တတ်တာများပါတယ်။ (ခြွင်းချက်တော့ရှိနိုင်တာပေါ့နော်) ကျွန်တော့်စေတနာက လူငယ်တွေကို လွတ်လွတ်လပ်လပ် တွေးတတ်မြင်တတ် ဖောက်ထွက်ဆွေးနွေး လုပ်ကိုင်တတ်သူတွေ ဖြစ်လာစေချင်တာပါ။ စကားလုံးတွေနဲ့ ၀န်ပိမနေစေချင်ဘဲ လက်တွေ့ဖြစ်နိုင်ချေမှာ ရှင်သန်နေစေချင်တာပါ။
လူငယ်တွေအားလုံး အတွေးအမြင် လွတ်လပ်ပွင့်လင်းနိုင်ကြပါစေ။

နေမင်းသူ

No comments:

Post a Comment