Pages

Wednesday, January 5, 2011

ဒီမိုကရေစီ၊ပြည်သူ့လူ့အဖွဲ့အစည်းများနှင့်ပတ်သက်သည့် အချို့သောရောင်ပြန်ဟပ်မှုများနှင့်အတွေးစများ



(ယခုစာစုမှာ တိုင်းရင်းသားလူငယ့်အသံဂျာနယ်တွင်ဖော်ပြထားသော ရှမ်းတိုင်းရင်းသားလူငယ် ဟာန်၏ဆောင်းပါး ဖြစ်ပါသည်။ မူရင်းဂျာနယ်မှာ မျက်နှာဖုံးနှင့်စာရွက်အချို့စုတ်ပြတ်ပျက်စီးနေပြီး ထုတ်ဝေသောရက်စွဲကိုပင် ရှာမရတော့ပါ။ သို့ရာတွင် Civil Society နှင့်ပတ်သက်၍ လူငယ်တစ်ဦး၏ ရိုးရှင်းလွယ်ကူပြေပြစ်စွာ အဓိပ္ပါယ်ဖွင့်ဆိုထားပုံကို အထင်ကြီး လေးစားမိသဖြင့် ၀ါသနာတူမိတ်ဆွေများဖတ်ရှုနိုင်ပါရန် ကူးယူမျှဝေအပ်ပါသည်)
           
မည်သည့်ပုံစံ၊အသွင်သဏ္ဍာန်ဖြင့်လာသည်ဖြစ်စေ အာဏာရှင်စနစ်သည် ယနေ့ကမ္ဘာအတွက် လက်ခံနိုင်ဖွယ်မရှိ တော့ပြီ။ ဒီမိုကရေစီစနစ်သည်သာလျှင် ပေါ်ပေါက်ခဲ့သမျှ၊ တည်ရှိနေသမျှစနစ်များထဲတွင် အကောင်းဆုံးဖြစ်သည်ဟု ကမ္ဘာပေါ်ရှိလူအများက တိုး၍တိုး၍ လက်ခံလာကြပြီဖြစ်သည်။ပြည်ထောင်စုမြန်မာနိုင်ငံမှ ပြည်သူများသည်လည်း ဒီမိုကရေစီကိုလိုလားတောင့်တလျှက်ရှိသည် ဆိုသည်ကို ထပ်မံရှင်းလင်းဖို့ရာမလိုတော့ပေ။ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုဖြစ်ပေါ်လာအောင် ကြိုးစားနေသောအဖွဲ့တိုင်းလိုလိုပင်၎င်းးတို့၏ရည်မှန်းချက်၊ဦးတည်ချက်များတွင်ဒီမိုကရေစီပေါ်ထွန်းရေးကိုထည့်သွင်းထားကြသည်။ကျွန်ုပ်တို့အားလုံး ဒီမိုကရေစီကို အလိုရှိနေကြသည်။
ဤနေရာ၊ဤအချိန်မျိုးတွင် အရေးတကြီးမေးမြန်းဆွေနွေးရန် လိုအပ်နေသောမေူခွန်းကား မည်ကဲ့သို့သော ဒီမိကရေစီစနစ်မျိုးကို ကျွှန်ုပ်တို့ အလိုရှိကြသနည်း၊ မည်ကဲ့သို့သောနည်းလမ်းများဖြင့် ဒီမိုကရေစီပေါ်ပေါက်လာအောင် လုပ်မည်နည်း ဟူသောမေးခွန်းများပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးအစားတူ ကုန်ပစ္စည်းများထဲတွင်ပင် ကွဲပြားသောတံဆိပ်နှင့် အရည်အသွေး အမျိုးမျိုးရှိသကဲ့သို့ ဒီမိုကရေစတွင်လည်း ကွဲပြားပုံစံနှင့် အနှစ်သာရများရှိ နေကြသော ကြောင့်ဖြစ်သည်။
တချို့ကလည်း ဒီမိုကရေစီရလျှင် မြန်မာနိုင်ငံ၏ ပြဿနာများအားလုံး ညတွင်ချင်း ပြေလည်သွားမည့်ပုံစံနှင့် စိတ်ကူးယဉ်အတွေးမျိုး တွေးကြသည်။ မှတ်မှတ်ရရ ဒီမိုကရေစီ လှုပ်ရှားသူများ အသိုင်းအ၀ိုင်းတွင် လူကြီးဟု သတ်မှတ်ခံထား ရသူတဦးက ဘာမှမလုပ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းအောင်မြင်တော့မည့် အလား ပြောသွားဖူးသည်ကို အမှတ်ရမိသည်။
များသောအားဖြင့် ကျွန်ုပ်တို့သည် ယနေ့ကမ္ဘာတွင် အတွေ့ရများပြီး ၄င်း၏ကတိက၀တ်အတိုင်း အကောင်အထည် ဖော်နိုင်ခြင်းမရှိသော လစ်ဘရယ် ဒီမိုကရေစီစနစ်နှင့်သာ ရင်းနှီးကျွမ်းဝင်ကြသည် ကများသည်။ ထို့ကြောင့် ဒီမိုကရေစီကို နိုင်ငံအားအုပ်ချုပ်မည့် အစိုးရအဖွဲ့ကို ရွေးချယ်တင်မြှောက်ရန်အတွက် ရွေးကောက်ပွဲရှိခြင်း၊ အုပ်ချုပ်ရေး၊ တရားရေးနှင့် ဥပဒေပြုရေး စသည့်ဌာနများအကြား အာဏာခွဲဝေမှုရှိခြင်း၊အချိန်တန်လျင်ရွေးကောက် ပွဲတွင်မဲပေးခြင်းနှင့်အခွန်ပေး ခြင်းဟူ၍သာ နားလည်ထားကြလေသည်။ ယင်းတို့မှာ လစ်ဘရယ်ဒီမိုကရေစီ၏ အင်္ဂါရပ်များဖြစ်ကြသည်။
သို့ရာတွင် အထက်ပါ ကြန်အင်လက္ခဏာများသည် ဒီမိုကရေစီတရပ်လုံး ကို ကိုယ်စားမပြုချေ။ ဒီမိုကရေစီ၏ အနှစ်သာရအရင်းအားပြည်သူများ၏အရေးနှင့်အကျိုးအတွက်ပြည်သူများ ကိုယ်တိုင်ပါဝင်လုပ်ဆောင်၊ အုပ်ချုပ်ခြင်းပင်ဖြစ်လေသည်။ ဂရိတို့၏မြို့ပြနိုင်ငံများထွန်းကားချိန်တွင်မိမိတို့မြို့၏အရေးကိစ္စများအတွက်မကြာခဏအစည်းအဝေးခေါ်ယူကာ အချင်းချင်းဆွေးနွေး၊ တိုင်ပင်၍ အားလုံးက သဘောတူညီသည့် ဆုံးဖြတ်ချက်များချမှတ်ကြ (မဲပေးခြင်းမဟုတ်သည်ကိုသတိပြုရန်) ပြီး တာဝန်များခွဲဝေ၊ ထမ်းဆောင်မှုများ ရှိခဲ့ကြသည်။ ထိုဖြစ်ရပ်များကို ကြည့်၍ဂရိတို့သည် အနှစ်သာရအပြည့်ဝဆုံးသော ဒီမိုကရေစီကို ဖော်ဆောင်ခဲ့ကြသည်ဟု သုံးသပ်နိုင်သည်။
သို့ရာတွင် လစ်ဘရယ်ဒီမိုကရေစီစနစ်၏ ဖခင်ဟုခေါ်ဆိုနိုင်သည့် ဂျွန်လော့ခ် John Locke နှင့် ဂျိမ်းစ်မယ်ဒီဆင် James Madison တို့က ယခုနောက်ပိုင်းပေါ်ပေါက်လာသော နိုင်ငံများသည် ဂရိတို့၏မြို့ပြနိုင်ငံများထက် ကြီးမားသည်၊ ထိုခေတ်သစ်နိုင်ငံများအတွင်း ဂရိတို့၏ တိုက်ရိုက်ဒီမိုကရေစီစနစ်အတိုင်း ကျင့်သုံးရန် မဖြစ်နိုင်ဟုဆိုကာ ရွေးကောက်ခံ၊ ကိုယ်စားပြု လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အဆိုပြုခဲ့ကြလေသည်။
လစ်ဘရယ်ဝါဒသည် လူ့အခွင့်အရေး၊ လွပ်လပ်ခွင့်တို့နှင့် ပတ်သက်၍ လူသားတို့အားကောင်းကျိုးများစွာ ပြုခဲ့သော်လည်း အထက်ပါလစ်ဘရယ် ဒီမိုကရေစီသည် ယနေ့အခါတွင် အကျပ်တွေ့နေပြီဖြစ်ပြီး လူတော်များများ၏ မေးခွန်းထုတ်မှုနှင့် တိုက်ခိုက်မှုကိုခံနေရပြီး ဖြစ်သည်။ ထိုလစ်ဘရယ်ဒီမိုကရေစီသည် ကိုယ်စားပြုမှုကို အလွန်အမင်း အဓိကထားလွန်းသည်။ ထို့ကြောင့် ပြည်သူများမှာ နိုင်ငံ၏အရေးသည် မိမိ၏အရေးဟု မခံစားကြတော့ဘဲ ပွဲကြည့်ပရိသက်သဖွယ်ဖြစ်လာသည်က များနေသည်။ အများစုမှာ နိုင်ငံရေး သို့မဟုတ် နိုင်ငံ့ရေးရာကိစ္စရပ်များကို ၄င်းတို့ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များဟုခေါ်သော နိုင်ငံရေးသမားများ၏လက်ထဲတွင်ပင်ပုံအပ်ထားလိုက် ကြဟန်တူသည်။ ထို့ကြောင့် နိုင်ငံရေးသမားများကလည်း ဖြစ်ချင်တိုင်းဖြစ်နေကြသည်။ လာဘ်စားမှုများ၊ အရည်အချင်းမရှိ ခြင်းများ၊ မဲဆွယ်စဉ်က ပြည်သူများအား ပေးထားခဲ့သည့်ကတိများအတိုင်းမဆောင်ရွက်နိုင်ခြင်းများ၊ ပြည်သူအကျိုးထက် ၎င်းတို့မဲဆွယ်စဉ်က ကုန်ကျစရိတ်များကို ထောက်ပံ့ပေးခဲ့သည့် (လှူဒါန်းသည်ဟုလည်း လှပအောင်ခေါ်ဆိုနိုင်ပါသည်) ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ အကျိုးအတွက် ရှေးရှုဆောင်ရွက်ခြင်းများကို ဒီမိုကရေစီဟုခေါ်သော နိုင်ငံတော် တော်များများတွင် တွေ့မြင်နိုင်သည်။ ထိုကဲ့သို့ဖြစ်ရပ်များကို ဒီမိုကရေစီ၏ ဖခင်နိုင်ငံကြီဟု အသိအမှတ်ပြုခံနေရသည့် အမေရိကန်ပြည်ထောင်စုတွင်ပင် မျက်ဝါးထင်ထင်တွေ့မြင်နေရသည်ဖြစ်သည်။ ၎င်းကို လက်ရှိထင်ရှားသည့် ဖီလစ်ပိုင် လူမှုရေးပညာရှင် ဝေါလ်ဒဲန် ဘဲလို Walden Bello က “လစ်ဘရယ်ဒီမိုကရေစီ၏ ပြိုကွဲခန်း”ဟု တင်စားခဲ့သည်။
ဤသို့ဆိုလျှင် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များကို ဒီမိုကရေစီထံပါး၌အပ်နှံထား၍ မရတော့ပြီလော၊ ဒီမိုကရေစီ ခေတ်ကြီး၏ ဇာတ်သိမ်းခန်း စတင်ခဲ့ပြီလော၊ အာဏာရှင်တို့၏ ဖနောင့်အောက်သို့ လှည့်ပြန်ရတော့မည်လား။
လမ်းစများကာ မကုန်သေးပါ။
ကျွန်ုပ်တို့၏ မျှော်လင့်ချက်သစ်ပင်များ ရှင်သန်ရန်အတွက် အခြေအနေနှင့် အခွင့်အလမ်းကောင်းများကား ရှိနေပါသေးသည်။
သို့ရာတွင် လွယ်လွယ်နဲ့တော့မရပါ။ အချိန်တန်လျှင် ခေါင်းဆောင်၊ အစိုးရရွေးရန်အတွက် မဲသွားထည့်ရုံနှင့် အခွန်ပေးဆောင်ရုံသာလိုအပ်သော၊ သက်တောင့်သက်သာရှိလှသော လစ်ဘရယ်ဒီမိုကရေစီနှင့်သာ ဆက်လက်၍ နှစ်ပါး သွားရန်ကား မရတော့။ အလုပ်ဖြစ်မည် မဟုတ်တော့။ ဤနေရာတွင် ရွေးကောက်ခံ၊ ကိုယ်စားပြုဒီမိုကရေစီစနစ်အား စွန့်ပယ်သင့်ပြီဟု အဆိုပြုခြင်းမဟုတ်ပါ။ ၎င်းတခုတည်းကိုသာ အားမထားရန် ဆိုလိုခြင်းသာဖြစ်သည်။
ကျွန်ုပ်တို့အနေဖြင့် ဒီမိုကရေစီစနစ်ကို တကယ်တမ်းအလုပ် ဖြစ်စေလိုသည်ဆိုပါက လူအများ၏ ပါဝင် ဆောင်ရွက်မှုနှုန်းသည် လစ်ဘရယ်ဒီမိုကရေစီစနစ်မှာထက် ပိုမိုများပြားရန် လိုအပ်သည်ကား သေချာပါသည်။ အထူသဖြင့် ပိုမိုရှုပ်ထေွး၍ကျယ်ပြန့်နက်နဲသော ပြဿနာများနှင့်ကြုံတွေ့နေရသည့် ခေတ်သစ်ကမ္ဘာကြီးတွင် ခေါင်းဆောင်တစ်ဦးတစ် ယောက် (သို့) အစိုးရအဖွဲ့တစ်ဖွဲ့ကိုသာ အားထား၍မရနိုင်တော့။ ထိုပြဿနာများ ၊အခက်အခဲများသည် အလွန်ပင်တော် သည့် လူတစ်ဦးတစ်ယောက် (သို့) အဖွဲ့တစ်ဖွဲ့၏ ဖြေရှင်းနိုင်သည့်စွမ်းရည်ထက် ပိုမိုခက်ခဲရှုပ်ထွေးကြလေသည်။ လူအများ၊ ပြည်သူအများ စုပေါင်းစဉ်းစားဖြေရှင်းမှ တော်ကာကျပေမည်။
သို့ဆိုလျှင် ပြည်သူများအနေဖြင့် နိုင်ငံရေး (သို့) နိုင်ငံ၏ အရေးကိစ္စများတွင် မည်ကဲ့သို့ပါဝင်ဆောင်ရွက်လာမည် နည်း။ ရှုထောင့်အမျိုးမျိုးမှ အဖြေအမျိုးမျိုးပေါ်ထွက်လာနိုင်ပါသည်။ ထိုအဖြေများစွာအနက်မှ ဗမာဘာသာဖြင့် ပြည်သူအ ခြေပြုအဖွဲ့အစည်များ (သို့) ပြည်သူ့လူ့အဖွဲ့အစည်းများဟု အကြမ်းဖျမ်းဘာသာပြန်ထားသော (Civil Society) ၏ သဘောတရားသည် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ကျွန်ုပ်အနေဖြင့် ယူဆပါသည်။

(Civil Society)
            လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ကျော်များအတွင်း ပြည်သူ့လူ့အဖွဲ့အစည်းများ (Civil Society) ဟူသော စကားလုံး၊ စကားစုကို ကမ္ဘာတလွှားရှိ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့၊ ကြားသိနိုင်ပြီး အဆိုပါ Civil Society ၏ အတွေးအခေါ်၊ သဘောတရား၊ အနက်အဓိပ္ပါယ်၊ သီအိုရီ နှင့် ၎င်း၏ အကျိုးသက်ရောက်မှုများအပေါ် ပြောဆိုသုံးသပ်ဆွေးနွေးမှုများ၊ ငြင်းခုံမှုများ၊ ရေးသားချက်များ၊ ဆန်းစစ်ချက်များ ပလူပျံအောင်ပေါ်ပေါက်ခဲ့သည်။
            စင်စစ်အားဖြင့် ပေါ်ပေါက်ခဲ့သည် ဆိုခြင်းထက် ပြန်လည်၍တခေတ်ဆန်းလာသည်ဟု ဆိုခြင်းကပို၍ ဆီလျော်မှု ရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယင်းစကားလုံး၊ အတွေးအခေါ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၀) ကျော်အတွင်းမှ စတင်၍ပေါ်ပေါက်ခဲ့ခြင်းမဟုတ်ဘဲ ရှေးဂရိခေတ် (အရစ္စတိုတယ်လ် Aristotle လက်ထက်) မှစတင်၍ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး ၁၅၈၀ ကာလပတ်ဝန်းကျင်အထိ ရှင်သန်ပြောင်းလဲလာခဲ့ကာ ယင်းနောက်ပိုင်းမှာမှ ထူးဆန်းစွာပျောက်ကွယ်သွားခဲ့၍ လွန်ခဲ့သောနှစ်ပေါင်း၂၀ကျော် ကာလများအတွင်းမှ ပြန်လည်ဆန်းသစ်လာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ဆန်းသစ်လာပုံမှာ တမူထူးခြားမှုရှိသည်။ အကြောင်းမှာ အခြားသောအတွေးအခေါ်၊ သဘောတရားများကဲ့သို့ သီအိုရီမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ လက်တွေ့အဖြစ်အပျက်များမှ စတင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
            အတိအကျဆိုရသော် ၁၉၇၀နှင့် ၈၀ ပတ်ဝန်းကျင်ကာလများ၌ တင်းကျပ်သောအာဏာရှင် ကွန်မြူနစ်အစိုးရ အုပ်ချုပ်မှုများကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြသည့် ပိုလန်၊ ချက်ကိုဆလိုဗက်ကီးယား၊ ဟန်ဂေရီ အစရှိသည့် အရှေ့ဥ ရောပနိုင်ငံများမှ ပြည်သူများ၏အောင်မြင်မှုမှ စတင်ခဲ့လေသည်။
            ထိုစဉ်က အရှေ့ဥရောပနိုင်ငံများရှိ ပြည်သူများ၏ တော်လှန်လှုပ်ရှားမှု၊ အောင်မြင်မှုများကို ရှင်းပြရန်နှင့် ဆန်းစစ် ချိန်ထိုးရန် မည်သည့်နိုင်ငံရေးဆိုင်ရာသီအိုရီများမဆို မတတ်နိုင်ဘဲ ရှိနေခဲ့သည်။ နောက်ပိုင်းတွင်မှ ဂျာမန်နှင့် အီတလီ တွေးခေါ်ပညာရှင်များဖြစ်သော ကားလ်မတ်ခ် Kael Marx နှင့် အင်တိုနီယို ဂရမ်ဇီ Antonio Gramsic တို့လက်ထက်အထိ ရေးသားဆန်းစစ်မှုများပြုခဲ့သည့် Civil Society ၏ သဘောတရား၊ သီအိုရီများဖြင့် ချိန်ထိုးကာရှင်းပြခဲ့ကြသည်။ ထိုအချိန်မှ စ၍ ကမ္ဘာတ၀န်းလုံးတွင် Civil Society အတွေးအခေါ်များပြန်လည်၍ ရေပန်းစားလာခဲ့သည်ဟု ဆိုလျှင်လည်း မမှားပေ။
            သို့ဆိုလျှင် Civil Society ဟူသည်ကား မည်ကဲ့သို့နည်း၊ မည်ကဲ့သို့သော အနက်အဓိပ္ပါယ်မျိုး ရှိသနည်း။
            “မေးရန်မလွယ်ပေမယ့် အဖြေခက် ” ဟူသော စိုင်းခမ်းလိတ်၏ သီချင်းစာသားသည် အထက်ပါမေးခွန်းနှင့် တိုက်ရိုက်အကြုံးဝင်မှု ရှိပေလိမ့်မည်။
            အဘယ့်ကြောင့်ဆိုသော် ယင်း Civil Society ဟူသောစကားလုံး၊ သဘောတရားအပေါ် အသီးသီးသော ပညာ ရှင်များ၊ လေ့လာသူများက ကွဲပြားခြားနားစွာ ဖွင့်ဆိုသတ်မှတ်ကြပြီး ၎င်းတို့အားလုံးကို စုစည်း၍ဘုံအနက်အဓိပ္ပါယ်ဖွင့်ဆို ရန် ခက်ခဲသောကြောင့် ဖြစ်သည်။ ထို့ပြင် Civil Society ၏ သမိုင်းကြောင်းသည် အလွန်ရှည်လျားပြီး ၎င်းအသုံးအနှုန်း စတင်ပေါ်ပေါက်ခဲ့သည့်အချိန်မှ စ၍ ယနေ့အချိန်ထိ ယင်း၏အဓိပ္ပါယ်သည်လည်း ကာလနှင့် ၎င်းအပေါ်စဉ်းစားသုံးသပ် သော လူပုဂ္ဂိုလ်များအပေါ်မူတည်၍ ရွေ့လျားပြောင်းလဲလာခဲ့သည်။ မည်သို့ဆိုစေကာမူ ယင်းအားရှင်းလင်းရန် ကြိုးစားရ ပေလိမ့်မည်။
အထက်တွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း  Civil Society အပေါ်ကွဲပြားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ များစွာရှိလေသည်။ သို့ရာတွင် ကျွန်ုပ်အနေဖြင့် ပထမဦးစွာ  Kettering Foundation ၏ နယက  (President) ဖြစ်သူ David Mathews ၏ရှင်းလင်းပြီး နားလည်ရန်လွယ်ကူသော ဖွင့်ဆိုချက်ကို ငှားရမ်းအသုံး ပြုပါမည်။ David Mathews အနေဖြင့် Civil Society သည်နိုင်ငံရေး (မှတ်ချက်- ယနေ့ ကျွန်ုပ်တို့တွေ နေကျနိုင်ငံရေးမျိုး မဟုတ်ပါ) ပင်ဖြစ်သည် ဟု ယူဆထားပြီး အောက်ပါအပိုဒ်သည် David Mathews ၏ဖွင့်ဆိုချက်ကိုဆီလျော့်အောင် ဘာသာပြန်ထားခြင်း ဖြစ်သည်။
(လူသားများ၏ သမိုင်းတွင် နိုင်ငံရေးကို စတင်ဖန်တီးတီထွင်လိုက်သည့် အစောဆုံးကျေးရွာများကို  စိတ်ကူးကြည့်ကြပါစို့။ အဆိုပါ ကျေးရွာများသည် မြေငလျင်၊ မီး၊ လေမုန်တိုင်း စသည်တို့ကဲ့သော သဘာဝဘေးဒဏ်ကြောင့် မကြာမကြာ ပျက်စီးခြင်းဒဏ်ကို ခံရပေလိမ့်မည်။ ထိုရွာများစွာ အနက်မှ ရွာတရွာသည် မကြာမကြာ ရေလျှံလေ့ရှိသော မြစ်ကမ်းပါးတွင် ရှိနေသည် ဆိုပါစို့။ ဖြစ်နိုင်ချေရှိသည်မှာ ပထမဦးဆုံးအနေဖြင့် ရွာသားများက မြစ်ရေလျှံရခြင်း၏ အကြောင်းရင်းကို စတင်တွေးတော စဉ်းစားကြပေလိမ့်မည်။ ၄င်းတို့၏ စားဝတ်နေရေး၊ သွားလာရေးတို့ အတွက်ထောက်ကူမှုပြုသော မိတ်ဆွေမြစ်ချောင်းကြီးသည် အဘယ့်ကြောင့် စိတ်ဆိုးလာပြီး ၄င်းတို့၏ရွာအား ဖျက်ဆီးပစ်ရသနည်းဟု အကြောင်းရင်းကို နားလည်ရန် ကြိုစားပေလိမ့်မည်။ မြစ်စောင့်နတ်က စိတ်ဆိုးသဖြင့် ရေလျှံအောင်လုပ်ခြင်း ဖြစ်သည်။ ထိုမြစ်စောင့်နတ်ကို စားသောက်ဖွယ်ရာများဖြင့် ပူဇော်ပသမှ ဖြစ်မည်ဟူသည့် အဖြေကို ရလာနိုင်သည်။  ထိုဖြစ်ရပ်အား “သာသနာ၊ ဘာသာရေး” ကို စတင်ဖန်တီးခြင်းဟု သတ်မှတ်နိုင်သည်။ ယင်းနောက်ပိုင်းတွင် မြစ်ရေမှာ လျှံမြဲလျှံနေပြီး မိသားစုဝင်များက ၄င်းတို့၏ ဆွေးမျိုးသားချင်းများကို လိုက်လံကယ်ဆယ် မှုလုပ်နိုင်သည်။ ထိုအခြင်းအရာကို လူမှုရေးဝန်ဆောင်မှုလုပ်ငန်း (Social Servics)(သို့) ကူညီစွန့်ကြဲဖေးမမှု (Charity) ဆိုင်ရာလုပ်ငန်းများ၏ မူလအစအဖြစ် သတ်မှတ်နိုင်သည်။ နောက်ဆုံးတွင် လူတဦးတယောက် (သို့) လူတစုမှ ငါတို့ရွာပြောင်းရလိမ့်မယ်ဟု ဆိုနိုင်သည်။ ၄င်းမှာ စုပေါင်းဆုံးဖြတ်ချက်ချ မှတ်ခြင်း (Collective Decision) ၏ အစဦးပိုင်းဖြစ်ပြီး ၄င်း၏နောက်တွင် အများ၏ကောင်းကျိုးအတွက် ရည်ရွယ်သည့် စုပေါင်းလှုပ်ရှားဆောင်ရွက်မှု (Collective Action)  က လိုက်လာသည်။ အဆိုပါ ဆုံးဖြတ်ချက်ချမှတ်သည့် ဖြစ်စဉ်နှင့် ဆုံးဖြတ်ချက်အား အကောင်းထည်ဖော်သည့် ဖြစ်စဉ်တွင် ရွာသားများအကြား ပတ်သက်ဆက်နွယ်ပုံ ( Relationship)မှာ မိသားစုဝင်များအကြား ပတ်သက်ဆက်နွယ်ပုံ ထက်ပိုမိုသည်။ အဆိုပါရွားသားများအကြား ပတ်သက်နွယ်မှုကို အခြားသောလူမှုရေးဆိုင်ရာ ပတ်သက်ဆက်နွယ် မှုများနှင့်ကွဲပြားစေရန် ပြည်သူများ၏ ပတ်သက်ဆက်နွယ်မှု (Public Relation-ship)  ဟုခေါ်ဆိုနိုင်သည်။ ထို့နောက် ကျေးရွာရွှေ့ပြောင်းရန်အတွက် အတူတကွ ဆွေးနွေး၊ ဆုံးဖြတ်ချက်ချမှတ်ပြီး အတူတကွ လုပ်ဆောင်ကြသော လူစုကိုပြည်သူလူထုတရပ် (A Public) ဟု သတ်မှတ်နိုင်သည်။ ထိုပြည်သူလူထု၏ အဖွဲ့များကို နိုင်ငံသား (Citizen) ဟုလည်း ခေါ်ဆိုနိုင်သည်။ ထိုပြည်သူလူထုကို နိုင်ငံသား၏ လူအဖွဲ့အစည်း (Society of citizens) သို့မဟုတ် ပြည်သူ့လူ့အဖွဲ့အစည်း (Civil Society) ဟုလည်း ခေါ်ဆိုနိုင်သည်။
အထက်ပါပုံပြင်တွင် နိုင်ငံရေးဆိုသည်မှာ အများ၏ကောင်းကျိုးအပေါ် သက်ရောက်မှုရှိနိုင်သော ပြဿနာများကို ဖြေရှင်းရန်အတွက် စုပေါင်းဆောင်ရွက်ရာမှ ဖြစ်ပေါ်လာသော လူမှုရေးဆိုင်ရာစီစဉ်ဆောင်ရွက် ခြင်း (Social Organizatoin) ကိုဆိုလိုသည်။ နောက်ပိုင်းကာလများတွင်မှ ထိုရွာများရွှေ့ပြောင်းရာ၌ ကူညီရန်အတွက် အစိုးရများ ပေါ်ပေါက်လာသည်။ သို့ရာတွင် အစိုးရသည် နိုင်ငံရေး၏ အစိတ်အပိုင်းတရပ်သာလျှင် ဖြစ်ပြီး နိုင်ငံရေးတရပ်လုံး မဟုတ်ပေ။ အစိုးရများကို ပြည်သူ့အဖွဲ့အစည်းများ  (Civil Societies) အားအထောက်အကူပြုရန်အတွက် ဖန်တီးထားခြင်းသာ ဖြစ်သည်။ အစိုးရနှင့် (Civil Societies) သည် ဆန့်ကျင်ဘက်များ မဟုတ်ဘဲ အပြန်အလှန်ထောက်ကူမှုရှိသည့် အဖွဲ့(၂) ရပ်သာလျှင်ဖြစ်သည်။
ထို့ပြင် David Mathews က Civil Societies အား ပိုမိုတိုတောင်းစွာ အောက်ပါအတိုင်း ဖွင့်ဆိုထားးသည်။(Civil Societies) ဆိုသည်မှာ တသီးပုဂ္ဂလဖြစ်သော မိသားစုများ၊ မိတ်ဆွေ အပေါင်းအသင်းများ နှင့် အစိုးရနယ်ပယ်များ အကြားတည်ရှိသည့် လူ့ဘောင်၏အစိတ်အပိုင်းတရပ် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအတွင်းကြည့်မည်ဆိုလျှင် ချတ်ခ်ျ (ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း)များ၊ ပြည်သူ့အသင်းအဖွဲ့များ၊ အိမ်နီးနားချင်းများဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်း များကို (Civil Societies) အဖြစ် မြင်တွေ့နိုင်သည်။ ထို့ပြင်ကမ္ဘာ့အခြေအနေများကို စားသောက်ဆိုင်တဆိုင်တွင် ချိန်းတွေ့ဆွေးနွေးကြသော အုပ်စုများ၊ အမှိုက်စွန့်ရန် နေရာသတ်မှတ်မည့်အရေးကိစ္စအတွက် ပြုလုပ်သောမြို့နေပြည်သူများ၏ အစည်းအဝေးများအဖြစ်လည်း မြင်တွေ့နိုင်သည်။ ထိုကဲ့သို့သော လူဘောင်၊ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းများကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့နှင့် သုတေသန ပညာရှင်များသည် ရပ်ရွာအသိုင်အ၀ိုင်းများ၊ နိုင်ငံများအနေဖြင့် မည်မျှထိခရီးပေါက်ရောက်မှုရှိသည်ကို သိရှိနိုင်သည်။
ထို့နောက် အရှေ့ဥရောပနိုင်ငံများအတွင်းရှိ Civil Societies လှုပ်ရှားမှုများပေါ် များစွာသြဇာလွမ်းမိုးမှု ရှိသည့် မာခ့်စ်ဝါဒီ (Marxist) ဖြစ်သူ Antonio Gramsci ၏ အတွေးအခေါ်ကို ကြည့်မည်ဆိုပါက  Gramsci အနေဖြင့် လူ့အဖွဲ့အစည်းကြီးအား အစိတ်အပိုင်းကြီး (၃) ရပ်အဖြစ် ခွဲခြားထားသည်ကို တွေ့နိုင်သည်။ ၄င်းတို့မှာ-

နိုင်ငံရေးဆိုင်ရာ လူ့အဖွဲ့အစည်း Political Society၊
ပြည်သူ့လူ့အဖွဲ့အစည်း Civil Society နှင့်
စီးပွားရေးနယ်ပယ်တို့ ဖြစ်ကြသည်။
Gramsci အနေဖြင့် နိုင်ငံကိုအုပ်ချုပ်နေသော ကွန်မြူနစ်ပါတီတို့၏ ပါတီအစိုးရ (Party-State) နှင့် ၄င်း၏ယန္တရားများကို နိုင်ငံရေးဆိုင်ရာ လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး လူဘောင်တရပ်လုံး အပေါ်တင်းကျပ်စွာ ချုပ်ချယ်အုပ်ချုပ်နေသော နိုင်ငံတော်အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှုကို တန်ပြန်တိုက်ခိုက်ရန်အတွက် Civil Society များအနေဖြင့် အတွေးအခေါ်သဘောတရား ပိုင်းဆိုင်ရာ (Ideo Logical) အရ ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဟု အဆိုပြုခဲ့သည်။ ထိုကဲ့သို့ ယှဉ်ပြိုင်တိုက်ခိုက်မှုကို ပြည်သူများ၏ပါဝင်မှု ပိုမိုများပြားလာစေခြင်း၊ Civil Society အတွင်းရှိ အလုပ်သမားသမဂ္ဂများ၊ ချက်ခ်ျများကဲ့သို့သော လူမှုအဆောက်အအုံများ အားကောင်းလာအောင် ဆောင်ရွက်ခြင်းတို့ဖြင့် ပြုလုပ်နိုင်ပြီး ထို Civil Society များအင်အားကောင်းလာပါက ကြီးမားသောပြောင်းလဲမှုဖြစ်ပေါ်လာလိမ့်မည် ဟု အဆိုပြုခဲ့သည်။
၎င်း၏အတွေးအခေါ်များကို အရှေ့ဥရောပနိုင်ငံများအတွင်းရှိ Civil Society လှုပ်ရှားမှုများက လက်ကိုင်ပြုခဲ့ကြလေသည်။
(Civil Society အပေါ် ပိုမိုစုံလင်သော အမြင်များဖြင့် ယှဉ်ထိုးလေ့လာနိုင်ရန်အတွက် လေ့လာသူများ၊ ပညာရှင်များ အသီးသီးတို့၏ သုံးသပ်ချက်များကို လေ့လာရန် အကြုံပြုပါသည်။ သေချာသည် တခုမှာကား အမျိုးမျိုးသောသုံးသပ်ချက်များ၊ မေးခွန်းထုတ်မှုများ၊ ငြင်းခုံချက်များ ပေါ်ထွက်နေဦးမည် ဖြစ်သည်။ ဥပမာအားဖြင့် Civil Society တွင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍများ၊ နိုင်ငံရေးပါတီများ ပါဝင်မှုရှိမရှိ ဟူသောမေးခွန်းမျိုး။)
အတိုချုံးအားဖြင့် ပြန်ကြည့်မည်ဆိုလျှင်
Civil Society သည် နိုင်ငံတော်အစိုးရ၏ ထိန်းချုပ်မှုအောက်၌ ရှိမနေသော မိမိတို့၏သဘောဆန္ဒနှင့် ရည်းမှန်းချက်အရ လာရောက်စုစည်း ထားကြသည့် လွတ်လပ်တော်အဖွဲ့အစည်းများ၊ အစုအရုံးများ ၊ အစုအဖွဲ့များကို ဆိုလိုပြီး ထိုအဖွဲ့အစည်းများသည် မိမိတို့၏ကောင်းကျိုးနှင့် ရည်မှန်းချက်အတွက် ဖြစ်စေ၊ အများ၏ ကောင်းကျိုးနှင့် ရည်မှန်းချက်အတွက်ဖြစ်စေ အတူတကွ တိုင်ပင်ဆွေးနွေး၍ လုပ်ဆောင်ကြသည်။ ထိုအဖွဲ့အစည်းများ၊ ကွန်ယက်များ အနေဖြင့်အားကောင်းလာပါက နိုင်ငံတော်အစိုးရ၏အာဏာအား ကန့်သတ်ထိန်းညှိထားနိုင်ခြင်း (သို့) တရားမျှတမှုမရှိ သောအစိုးရများကို ဖြုတ်ချနိုင်ခြင်းအထိ စွမ်းဆောင်လာနိုင်သည် ဟု သုံးသပ်သည်။
အဘယ်ကြောင့် Civil Society ကို စိတ်ဝင်စားရသနည်း။
မြန်မာနိုင်ငံ၏ အရေးနှင့် မည်ကဲ့သို့ပတ်သက်မှုရှိသနည်း။
၁၉၆၀ မှ ၈၀ ကျော်ကာလများအထိ အရှေ့ဥရောပတွင် Civil Societies များက အလွန်တင်းကျပ်သော အာဏာရှင်ကွန်မြူနစ်အစိုးရများအား ဖြုတ်ချနိုင်ခဲ့သည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံ၊ ဖီလစ်ပိုင်နိုင်ငံနှင့် လက်တင်အမေရိကတိုက်မှ နိုင်ငံများတွင်လည်း Civil Societies များ၏ ဦးဆောင်မှုဖြင့် အာဏာရှင်များကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာတက်လှမ်းခဲ့သည်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ Civil Society ၏ အတွေးအခေါ်သည် ပြည်သူများ၏ပါဝင်မှုကို အားပေးသဖြင့် အချို့သောသုံးသပ်သူများက Civil Society မရှိသော ဒီမိုကရေစီသည် အနှစ်မရှိဟု သုံးသပ်ကြသည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် Civil Society သည် အပြန်အလှန်ဆက်စပ်မှိခို မှုရှိနေပြီး ခွဲခြား၍မရဟု ဆိုကြသည်။ အချို့ကလည်း အရှေ့ဥရောပနိုင်ငံများနှင့်လက်တင်နိုင်ငံများမှ သက်သေပြခဲ့သည့်အတိုင်း Civil Society သည် ဒီမိုကရေစီစနစ်သို့ ကူပြောင်းရာတွင် လိုအပ်ချက်တရပ်ဖြစ်သည် ဟု ဆိုကြသည်။
မျှမျှတတ စဉ်းစားသုံးသပ်ရသော် အာဏာရှင်အစိုးရများ ပြုတ်ကျစေသည့် အကြောင်းခြင်းရာများ (factors) သည် တခုထက်မကဘဲ မြောက်များစွာ ရှိနိုင်ပါသည်။ သို့ရာတွင် Civil Societies များက အရေးကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်နေသည် ဟုဆိုလျှင်လည်း မမှားပေ။
သို့ဆိုလျှင် ဆက်လက်တွေးတောစဉ်းစားရန်လိုအပ်သော မေးခွန်းများကား--
အဆိုပါနိုင်ငံများတွင် မည့်သည့်အကြောင်းခြင်းရာများက Civil Societies များကို အောင်ပွဲများ ဆောင်ကြဉ်းပေးစေခဲ့သနည်း။
ပြည်ထောင်စုမြန်မာနိုင်ငံရေး ပြောင်းလဲရှိလာအောင် Civil Society များက လုပ်ဆောင်နိုင်စွမ်းရှိနိုင်၊ မရှိနိုင် (သို့မဟုတ်) Civil Society ၏ အခန်းကဏ္ဍမှာ မည်ကဲ့သို့ ဖြစ်နိုင်ခြေရှိသနည်း။
မြန်မာနိုင်ငံတွင်း Civil Society များအားကောင်းလာအောင် မည်သည့်လှုမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းအချက်များ (Political, economic, social and cultural factors) လိုအပ်သနည်း၊
တနည်းအားဖြင့် Civil Society အတွေးအခေါ်သည် မြန်မာနိုင်ငံနှင့် ဟပ်စပ်မှုရှိ/မရှိ ဆိုသည့်အချက်ပင် ဖြစ်လေသည်။
 ဟာန်(ရှမ်းလူငယ်)


(ဒါ ကိုလူဗိုလ် နှင့် ကိုဝင်းကြိုင် တို့ hard copy  ဂျာနယ်စက္ကူ ပေါ်ကနေ တပင်တပန်း ကူးယူပြီး ပို့ပေးထားတာပါခင်ဗျ။)

No comments:

Post a Comment