Pages

Thursday, November 25, 2010

တွေးမိသမျှ

မနေ့ကအထိ ( pageview counter ) မရှိသေးတော့ ဒီဘလော့ဂ် ကိုဘယ်သူမှလာ မကြည့် ဘူးထင်ပြီး ကျနော် ရေးစရာရှိတာ မရေးပဲ အီးရောအီးရော လုပ်နေတာ ။
 ဒီနေ့မှလာကြည့်တဲ့သူ ရှိမှန်းသိရတာရော ၊ ဒေါက်တာလွဏ်းဆွေဆီ က သူ့ ဘလော့ဂ် ပေါ်မှာ ကြော်ငြာထိုးပေး ပါမယ် ဆိုတဲ့ အီးမေးလ် ဖတ်ရတဲ့
 အတွက်ရော နည်းနည်းအားတက်လာ ပါတယ် ။
 လောလောဆယ် ဘယ်သူမှ လာမဆွေးနွေး ခင် ကျနော် တွေးမိသမျှလေးတွေ ရေးတင် ဖို့ စိတ်ကူးထားပါတယ် ။ ဆွေးနွေးတဲ့သူများ လာလို့ စည်စည်ကားကား
 ဖြစ်လာရင် ကျနော် ဘေးထွက် ထိုင်နေပါ့မယ် ။
 ခုတလော အန်တီစု လွှတ်လာတဲ့ သတင်းတွေ ၊ ဒုတိယပင်လုံညီလာခံ လုပ်ဖို့သတင်းတွေ ၊ ပြည်တွင်းစစ် ထပ်ဖြစ်တော့မည့် အရိပ်အငွေ့ သတင်း တွေ နဲ့
ကျနော့် ရင်ထဲမှာရှိတဲ့ မြန်မာပြည် နဲ့ ပတ်သက်တဲ့ ခံစားချက်တွေနဲ့ပေါင်းပြီး ပြောချင်တာတွေတော်တော်များများရှိ
ပါတယ် ။ များလွန်းလို့ ဘယ်အစကို အရင်ဆွဲ
ထုတ်ပြီး ပြောမယ်မှန်း မသိဖြစ်နေ လို့လည်း ပထမ ပို့စ် တင်ပြီး အီးရာအီးရော ဖြစ်နေတာလည်းပါ ပါတယ် ။
 အန်တီစုလွတ်လာ ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်မယ်လို့ပြောပါတယ် ။ လူငယ်တချို့လည်း အဲဒါမျိုးတွေ ပြောလာတာတွေ့ရပါတယ် ။ ကျနော်လည်းအဲဒီ
ကိစ္စကို စိတ်ဝင်စားတဲ့ အတွက် နောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ရှိပါတယ် ။ အမျိုးသားပြန်လည်သင့်မြတ်ရေး အကြောင်းမပြောခင်
အတိတ်ကို ခဏပြန်သွားပါရစေ ။ 

               ၁၉၅၀ ကျော်ကာလက မြန်မာပြည်ကို အရှေ့တိုင်းရဲ့ ပုလဲ၊ အာရှတိုက်ရဲ့ ပုလဲ လို့ ခေါ်ကြတယ်တဲ့ ဗျ ။ အာရှတိုက်ရဲ့ အချမ်းသာဆုံး နိုင်ငံတွေထဲက တစ်ခုပေါ့ ။ ရန်ကုန် မြို့ရဲ့
 သာယာ လှပ ပုံတွေကို အရှေ့တောင်အာရှ တခွင်က လာပြီး လည်ပတ် ကြည့်ရှူကြရတယ်တဲ့ ။ ရန်ကုန် တက္ကသိုလ် မှာ ပညာ လာသင်နေတဲ့ နိုင်ငံတကာ က ကျောင်းသူကျောင်းသား
 တွေလည်း ရှိတယ်တဲ့ ။ရန်ကုန်မြို့လယ် မှာ ကား show room  ကြီးတွေလည်းရှိတယ်တဲ့။ အားကစားဖက် ကိုကြည့်ရင်လည်း မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းဆိုတာ အခု ကမ္ဘာ့ ဖလား
  ကို ပုံမှန်တက် ကစားနေတဲ့ တောင်ကိုရီးယား လိုအသင်းမျိုးနဲ့ ဘတပြန်ကျားတပြန် သူတင်ကိုယ်တင် ကစားခဲ့ ကြတာတဲ့ ။ 
 အခုနေ အဲဒီ အကြောင်းတွေပြန်ပြောတော့ ယုံတမ်းစကားလို ဖြစ်နေတယ် ။ မသိ တဲ့ သူ တွေက ကျနော့် ကို " ဥစ္စာရူး ကြီး ၊  ကိုယ် ဖြစ်ချင်တာတွေ လျှောက်ပြောနေတယ် "
လို့ ထင်စရာရှိပါတယ် ။ ကျနော် ဥစ္စာ မရူးပါဘူး ။ ကျနော်တို့ မှာ အဲဒီလို တောက်ပတဲ့ နေ့ရက် ကာလတွေ အသေအချာ ရှိခဲ့တာပါ ။   
 အဲဒီလို တောက်ပခဲ့တာကနေ ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်း ပြီးကတည်းက တစ်စတစ်စနဲ့         အရောင်မှိန် လာလိုက် တာ အခု ကမ္ဘာ့ အမွဲဆုံး နိုင်ငံတွေ ထဲမှာ တစ်နိုင်ငံ ဖြစ်နေပြီတဲ့ ။
 ကျနော်တို့ မြန်မာ ပတ်စပို့စ် ဆိုတာ ဘယ်နိုင်ငံသွားသွား ဘယ်တော့မှမျက်နှာမရတဲ့ ပတ်စပို့စ် ပါ ။ အာဆီယံ အဖွဲ့ ဝင်နိုင်ငံ အချင်းချင်းဆိုပြီး မြန်မာ အစိုးရကို ကာဆီးကာဆီး လုပ် ပေး
နေတဲ့ စင်ကာပူ
တို့  ၊ မလေးရှား တို့  မြန်မာ ပတ်စပို့စ် ကိုင်လာတဲ့သူဆို " ပိုက်ဆံ  ဘယ်လောက်ပါလာလဲ " ဆိုတဲ့မေးခွန်း မျိုးအရင်ဆီးမေးတာ ပါ ။ အဲဒါ ကျနော် အသည်းအနာ ဆုံး
ကိစ္စ ဗျ ။ ကျနော်တို့ ယဉ်ကျေးမှု မှာ လူတစ်ယောက် ကို ပိုက်ဆံဘယ်လောက်ပါလာလဲ မေးတာ တော်တော်ရိုင်းစိုင်း တဲ့ အမူအကျင့် ပါ ။ ဒါပေမယ့် အဲဒီ မေးခွန်းကို သူတို့  လူကို သူခိုးကြမ်းပိုး
 ကိုကြည့်တဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး မေးတာ ။ ယူအက်စ် ပတ်စပို့စ် ကိုင်လာတဲ့ သူကို အဲဒီ မေးခွန်းမျိုး မေးမလား ဆိုတာ ကျနော် အသိချင်ဆုံး ကိစ္စ တွေထဲ မှာ တစ်ခု ပါ ပါတယ် ။ 

အဲဒီ ကိစ္စ နဲ့ပတ်သက်ပြီးတော့ မန်းဘောလုံး နာမည်နဲ့ ဘောလုံးဆောင်းပါးတွေ ရေးတဲ့ Eleven ဂျာနယ် အယ်ဒီတာချုပ် ဒေါက်တာမြင့်သိန်း သူ့ဘောလုံးဆောင်းပါး တစ်ခုထဲမှာ
 မဆီမဆိုင် ထည့်ရေးဖူးပါတယ် ။ တိုင်းပြည် အခြေအနေ နဲ့ အားကစား အဆင့်အတန်း နိမ့်ပါး နေလို့ ထိုင်း၊ စင်ကာပူ နှင့် မလေးရှား တို့ က နှိမ့်ချ ဆက်ဆံကြတာ ကို
 ခံပြင်း လွန်းအားကြီး လို့ သူ စင်ကာပူ ကိုသွားတုန်း က လူဝင်မှုကြီးကြပ်ရေး ဂိတ် မှာကြုံခဲ့ရတာကို ပြန်ပြောပြတာပါ ။ ဂိတ်မှာ တန်းစီ နေကြတဲ့သူ တွေထဲမှာ သူ့ရှေ့က
 မြန်မာ လူငယ်တစ်ယောက် နဲ့ သူနဲ့ ကိုပဲ ကွက်ပြီးတော့ ပိုက်ဆံဘယ်လောက် ပါလာ လဲလို့ မေးတယ်တဲ့ ။
  နောက် ကျနော့် သူငယ်ချင်းတစ်ယောက်က လည်း  ထိုင်ဝမ် ကို အလုပ်ကိစ္စ နဲ့ ခဏခဏ သွားရတဲ့ သူ့သူငယ်ချင်း တစ်ယောက်အကြောင်းပြောပြဖူးတယ် ။ အခု ဆိုရင်
 သူ ထိုင်ဝမ် ကို ဝင်ထွက် နေတာ ဆယ်ခေါက်ကျော်နေပြီတဲ့ ။ ဒါပေမဲ့ အခုထိ သူ့ကိုဘယ်တော့မှ ရှောရှောရှူရှူ ပေးမဝင်ဘူး ၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာနားမှာ
 တစ်နာရီ ၊ တစ်နာရီခွဲ ရပ်စောင့်ခိုင်းထားပြီး သူ့ ပတ်စပို့စ်  ကို ဟိုလိုစစ် ဒီလိုစစ် အမြဲလုပ် နေတုန်း တဲ့ ။ အဲဒါ မြန်မာ ပတ်စပို့စ် ဖြစ်နေလို့ ဆိုတဲ့ အကြောင်းပြချက်
တစ်ခု ထဲနဲ့ လုပ်တာ ။
အဲဒီ အကြောင်းတွေတွေးမိတိုင်း မြန်မာပြည် ကိုတိုးတက်ဝပြောတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ် စေချင်တဲ့စိတ်တွေ တားမရဆီးမရ ဖြစ်ရတယ် ။
 ကျနော် တို့ တိုင်းပြည် ဆင်းရဲတဲ့ အကြောင်း ပြော ရင်း ဘေးထွက်ခံစားချက်တွေပါ လျှောက်ရေးမိလို့ အမျိုးသားပြန်လည်သင့်မြတ်ရေး
 ကိုမရောက်နိုင်ဘူးဖြစ်နေတယ်ဗျာ ။ အဲဒီ အကြောင်း နောက် ပို့စ် မှာ ကျယ်ကျယ်ပြန့်ပြန့် ရေးပါ့ မယ် ။ ရှေ့ ပို့စ် နဲ့ နောက် ပို့စ် နဲ့
အရမ်း လှမ်းနေမှာစိုးလို့ ဒီလောက်နဲ့ပဲ နားပါ့မယ် ။


 ချစ်သောညီအကိုမောင်နှမများအားလုံး ကျန်းမာရွှင်လန်းကြပါစေ


   ဝါခေါင်

No comments:

Post a Comment