Pages

Friday, November 26, 2010

ကျနော်တို့သင့်မြတ်ကြရအောင်

  အမျိုးသားပြန်လည်သင့်မြတ်ရေး တို့ ၊ ရင်ကြားစေ့ရေးတို့ လို ခေါင်းစဉ်တွေတပ်ရင် ကြီးကျယ်နေမှာစိုးလို့ ပေါ့ပေါ့ပါးပါး ခေါင်းစဉ်ရှာတပ်ထားတာ
ပါ ။ ပြောချင်တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ပါပဲ ။ လူကြီးတွေ မသင့်မြတ်ခင် လူငယ်တွေ သင့်မြတ်ဖို့အကြောင်း အရင်ပြောပါ
ရစေခင်ဗျ ။
  ကျနော့် အမြင်ကိုပြောရရင် အဖွဲ့အစည်းတစ်ခုခု ၊ နေရာဒေသတစ်ခုခု ၊ တိုင်းပြည်တစ်ခုခု မှာ ကောင်းတဲ့သူတွေချည်း ဒါမှမဟုတ်
မကောင်းတဲ့သူတွေချည်းပဲ ရှိမနေနိုင်ပါဘူး ။ အဖွဲ့အစည်းတိုင်း၊ နေရာဒေသတိုင်း၊ တိုင်းပြည်တိုင်းမှာ ကောင်းတဲ့သူ နဲ့ မကောင်းတဲ့သူ အမြဲတမ်း
ရောနှောပြီးရှိနေမှာပါ ။ ဒီမိုကရေစီကို ချစ်မြတ်နိုးကြတဲ့သူတွေ နဲ့ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေး အတွက်တိုက်ပွဲဝင်နေကြတဲ့ သူတွေထဲမှာ ကောင်းတဲ့သူတွေချည်းပဲရှိမှာ မဟုတ်ပါဘူး ၊ မကောင်းတဲ့သူတွေလည်း သေချာပေါက်
ရှိနေမှာပါ ။ ထိုနည်းလည်းကောင်းပဲ စစ်တပ်ထဲမှာလည်း မကောင်းတဲ့ တပ်မှူး တပ်သား တွေရှိသလို ၊ ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲတွေကို စာနာနားလည်ပြီး
 သူရသတ္တိ နဲ့ ဉာဏ်ပညာ ( wisdom ) နှစ်မျိုးစလုံးနဲ့ ပြည့်စုံတဲ့ တပ်မှူး တပ်သားတွေလည်း  အသေအချာရှိနေမှာပါ ။ စစ်တပ်တစ်ခုလုံး သူရဲဘော နဲ့ အီးဘောလောချည်းပဲ ရှိုနေ
လိမ့်မယ်လို့ ကျနော် လုံးဝ မယုံကြည်ပါဘူး ။ ကျနော်တို့က စစ်တပ်အသိုင်းအဝိုင်းကို မုန်းတီးတဲ့စိတ်နဲ့ ကြည့်တဲ့အခါကျတော့ သူတို့ဘာလုပ်လုပ် အပြစ်ပဲ မြင်နေတတ်ပါတယ် ။
 မသန္တာရွှေ မင်္ဂလာဆောင် တာက အစ ဖိုးလပြည့် မွေးနေ့လုပ်တာ အဆုံး အကုန်လုံး အပြစ်ချည်း ဖြစ်နေတာပါ ။ ကျနော်တို့ မုန်းတာတွေခဏဘေးချပြီး ကြည့် မှ အမှန်တရားနဲ့ပိုနီးစပ် လိမ့်  မယ်လို့ထင်  ပါ တယ် ။   သူတို့မှာလည်း အထက်ကအမိန့်ပေးတဲ့အတိုင်း မလုပ်ရင် မဖြစ်တဲ့ အခက်အခဲတွေ ရှိမှာပါ ။ အမိန့်မနာခံရင် နောက်မှာကျန်ခဲ့တဲ့ မိသားစု ဒုက္ခရောက်မှာတို့ဘာတို့လိုမျိုးပေါ့ ဗျာ ။
   စစ်တပ် ကိုဒီလောက်ကာဆီးကာဆီး လိုက်ပြောနေလို့ ကျနော့် ကို ရုရှားစကော်လာ လို့ထင်နေပါဦးမယ်။ မဟုတ်ပါဘူးခင်ဗျ ။ နှစ်ဖက်စလုံးက လူငယ်တွေကို သင့်သင့်မြတ်မြတ်
 ဖြစ်စေချင်လို့ပါ ။ အန်တီစုကို ကျနော် အရိုးထဲက ချစ်ခင် ကြည်ညို လေးစား ပြီး အန်တီစု ပြောစကားတော်တော်များများ ကို ကိုးကားဖို့ရှိ ပေမယ်လို့ အန်တီစု လုပ်သမျှ အမှန်တွေချည်းပဲ
 ဆိုပြီးတော့ လိုက်ထောက်ခံနေ မှာလည်းမဟုတ်ပါဘူး ။
ကျနော်တို့ တစ်ဖက်နဲ့ တစ်ဖက် အာဃာတ တွေမထားပဲ စည်းစည်းလုံးလုံး သင့်သင့်မြတ်မြတ် နဲ့ လုပ်ရင် ဖြစ်ပါတယ် ။ ကျနော့် သဘောအရဆိုရင်
ဘယ်သူ့ ကို အလျှော့ပေးရပေးရ တိုင်းပြည် သာယာဝပြော မယ်ဆိုရင် တန်ပါတယ်ဗျာ ။ ကျနော်တို့ ကြားမှာရှိနေတဲ့ အမြင်မတူမှုတွေ ကို ညှိနှိုင်း
ယူ ပြီး အတူတူ အလုပ်လုပ်ကြရင် တိုင်းပြည်အတွက်ပိုအကျိုးရှိမှာပါ ။ဘလော့ဂ် တော်တော်များများမှာ မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက် ( comments ) တွေ
လိုက်ရေးနေတဲ့ ကိုဇော်မျိုး ရဲ့ မှတ်ချက်တွေ သေသေချာချာ လိုက်မဖတ်ဖြစ်ပေမယ့် ဖတ်မိတဲ့ အထဲက ကျနော်သဘောကျတာတကခုရှိပါတယ် ။
( မွတ်ဆလင် ဆန့်ကျင်ရေး ကို ပြောတာမဟုတ်ပါဘူး ၊ တလွှဲမထင်ကြပါနဲ့ )
 " စည်းလုံးညီညွတ်ခြင်း ဆိုတာ အယူအဆ မတူတဲ့သူ တွေ ညှိနှိုင်းပြီး ရည်ရွယ်ချက်တခုအတွက် အတူတူ အလုပ်လုပ်ကြတာကိုပြောတာ " တဲ့ ။ စကားလုံး အတိအကျ တော့ မမှတ်မိတော့ဘူး။
သူပြောချင်တာတော့ အဲဒီ သဘောပဲ ။ အဲဒီဟာလေးတော့ ကျနော်သဘောကျတယ် ။ သူ့ စကားကို ကိုးကားချင်လို့ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် ထဲ
မှာပြန်ရှာတာ အဖျက်ခံလိုက်ရလို့ မရှိတော့ဘူး ။ သူကတော့ သူ့မှတ်ချက်တွေကို ဖျက်ပစ်ရပါ့မလား ဆိုပြီးတော့ ဆရာလွဏ်း ကို ပျစ်ပျစ်နှစ်နှစ် ပြန်ဆဲထားလေရဲ့။
အဲဒီ ကိုဇော်မျိုး တို့လိုလူတွေနဲ့လဲ ကျနော်စကားပြောချင်ပါတယ် ။ သူတို့ ရင်ထဲ အမှန်တကယ် ခံစားရတဲ့ ခံစား ချက်ကိုလဲ နားထောင်ချင်ပါတယ် ။
ဘယ်သူကအရင်စဆဲလို့ ဘယ်သူကပြန်ဆဲရပါတယ် ဆိုတဲ့ အဆဲဇာတ်လမ်းရဲ့ မူလဇစ်မြစ် ကို ကျနော် မသိပါဘူး ။  ဘယ်သူကပဲ စဆဲဆဲ အဲဒီလိုတွေ ဆဲနေကြ
ယုံနဲ့ မြန်မာပြည် ပြောင်းလဲတိုးတက်မလာတာတော့ သေချာပါတယ် ။ ကျနော်တို့ တဖက်ဖြစ်ချင်တာ ကို တဖက်က နည်းနည်းလေး စိတ်ရှည်ရှည်နဲ့ နားထောင်
ကြရအောင်လို့ တိုက်တွန်းပါရစေ ။ဘယ်ဖက်ကပဲပြောပြော တခြားသူတွေနားမထောင်ရင် ကျနော်နားထောင်ပါ့မယ် ။ ကြားထဲကနေ ဖြန်ဖြေရေးသမား ဝင်လုပ်ရအောင်
မင်းက ဘာကောင်လဲလို့ မေးရင် ကျနော် ဘာကောင်မှမဟုတ်ပါဘူး ။ မြန်မာပြည် သာယာဝပြောတာကို မြင်ချင်တဲ့ ၊ မြန်မာလူငယ် အများစုလိုပဲ တနေ့ကို ထမင်းနှစ်နပ်
စားပြီး လက်ဖက်ရည်ဆိုင် နှစ်ခါထိုင်တဲ့ သာမှန်လူတစ်ယောက်ပါ ။ မကျေနပ်လို့ ဆဲချင်ရင် ကြိုက်သလောက်ဆဲလို့ရပါတယ် ။ ကျနော့် ကိုဆဲလို့ မြန်မာပြည်သူတွေ
စားဝတ်နေရေးခြောင်လည်သွားမယ်ဆိုရင် ကျနော် ကျေကျေနပ်နပ်ကြီး ကိုအဆဲခံပါ့မယ် ။
    နောက်ဆက်ပါဦးမယ် ခင်ဗျ ။ တစ်ခါတည်း အပြီးရေးရင် တော်တော်နဲ့ တင်ဖြစ်မှာမဟုတ်လို့ တစ်ဖြတ်တစ်ဖြတ်စီ ရေးတင်ဖို့ စဉ်းစားထားပါတယ် ။
ပို့စ် တခုနဲ့တခု အရမ်းခြားနေရင် လာကြည့်တဲ့ သူတွေ ပျင်းနေမှာစိုးလို့ပါ ။

ချစ်သောညီအကိုမောင်နှမများအားလုံး ကျန်းမာရွှင်လန်းကြပါစေ

Thursday, November 25, 2010

တွေးမိသမျှ

မနေ့ကအထိ ( pageview counter ) မရှိသေးတော့ ဒီဘလော့ဂ် ကိုဘယ်သူမှလာ မကြည့် ဘူးထင်ပြီး ကျနော် ရေးစရာရှိတာ မရေးပဲ အီးရောအီးရော လုပ်နေတာ ။
 ဒီနေ့မှလာကြည့်တဲ့သူ ရှိမှန်းသိရတာရော ၊ ဒေါက်တာလွဏ်းဆွေဆီ က သူ့ ဘလော့ဂ် ပေါ်မှာ ကြော်ငြာထိုးပေး ပါမယ် ဆိုတဲ့ အီးမေးလ် ဖတ်ရတဲ့
 အတွက်ရော နည်းနည်းအားတက်လာ ပါတယ် ။
 လောလောဆယ် ဘယ်သူမှ လာမဆွေးနွေး ခင် ကျနော် တွေးမိသမျှလေးတွေ ရေးတင် ဖို့ စိတ်ကူးထားပါတယ် ။ ဆွေးနွေးတဲ့သူများ လာလို့ စည်စည်ကားကား
 ဖြစ်လာရင် ကျနော် ဘေးထွက် ထိုင်နေပါ့မယ် ။
 ခုတလော အန်တီစု လွှတ်လာတဲ့ သတင်းတွေ ၊ ဒုတိယပင်လုံညီလာခံ လုပ်ဖို့သတင်းတွေ ၊ ပြည်တွင်းစစ် ထပ်ဖြစ်တော့မည့် အရိပ်အငွေ့ သတင်း တွေ နဲ့
ကျနော့် ရင်ထဲမှာရှိတဲ့ မြန်မာပြည် နဲ့ ပတ်သက်တဲ့ ခံစားချက်တွေနဲ့ပေါင်းပြီး ပြောချင်တာတွေတော်တော်များများရှိ
ပါတယ် ။ များလွန်းလို့ ဘယ်အစကို အရင်ဆွဲ
ထုတ်ပြီး ပြောမယ်မှန်း မသိဖြစ်နေ လို့လည်း ပထမ ပို့စ် တင်ပြီး အီးရာအီးရော ဖြစ်နေတာလည်းပါ ပါတယ် ။
 အန်တီစုလွတ်လာ ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်မယ်လို့ပြောပါတယ် ။ လူငယ်တချို့လည်း အဲဒါမျိုးတွေ ပြောလာတာတွေ့ရပါတယ် ။ ကျနော်လည်းအဲဒီ
ကိစ္စကို စိတ်ဝင်စားတဲ့ အတွက် နောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ရှိပါတယ် ။ အမျိုးသားပြန်လည်သင့်မြတ်ရေး အကြောင်းမပြောခင်
အတိတ်ကို ခဏပြန်သွားပါရစေ ။ 

               ၁၉၅၀ ကျော်ကာလက မြန်မာပြည်ကို အရှေ့တိုင်းရဲ့ ပုလဲ၊ အာရှတိုက်ရဲ့ ပုလဲ လို့ ခေါ်ကြတယ်တဲ့ ဗျ ။ အာရှတိုက်ရဲ့ အချမ်းသာဆုံး နိုင်ငံတွေထဲက တစ်ခုပေါ့ ။ ရန်ကုန် မြို့ရဲ့
 သာယာ လှပ ပုံတွေကို အရှေ့တောင်အာရှ တခွင်က လာပြီး လည်ပတ် ကြည့်ရှူကြရတယ်တဲ့ ။ ရန်ကုန် တက္ကသိုလ် မှာ ပညာ လာသင်နေတဲ့ နိုင်ငံတကာ က ကျောင်းသူကျောင်းသား
 တွေလည်း ရှိတယ်တဲ့ ။ရန်ကုန်မြို့လယ် မှာ ကား show room  ကြီးတွေလည်းရှိတယ်တဲ့။ အားကစားဖက် ကိုကြည့်ရင်လည်း မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းဆိုတာ အခု ကမ္ဘာ့ ဖလား
  ကို ပုံမှန်တက် ကစားနေတဲ့ တောင်ကိုရီးယား လိုအသင်းမျိုးနဲ့ ဘတပြန်ကျားတပြန် သူတင်ကိုယ်တင် ကစားခဲ့ ကြတာတဲ့ ။ 
 အခုနေ အဲဒီ အကြောင်းတွေပြန်ပြောတော့ ယုံတမ်းစကားလို ဖြစ်နေတယ် ။ မသိ တဲ့ သူ တွေက ကျနော့် ကို " ဥစ္စာရူး ကြီး ၊  ကိုယ် ဖြစ်ချင်တာတွေ လျှောက်ပြောနေတယ် "
လို့ ထင်စရာရှိပါတယ် ။ ကျနော် ဥစ္စာ မရူးပါဘူး ။ ကျနော်တို့ မှာ အဲဒီလို တောက်ပတဲ့ နေ့ရက် ကာလတွေ အသေအချာ ရှိခဲ့တာပါ ။   
 အဲဒီလို တောက်ပခဲ့တာကနေ ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်း ပြီးကတည်းက တစ်စတစ်စနဲ့         အရောင်မှိန် လာလိုက် တာ အခု ကမ္ဘာ့ အမွဲဆုံး နိုင်ငံတွေ ထဲမှာ တစ်နိုင်ငံ ဖြစ်နေပြီတဲ့ ။
 ကျနော်တို့ မြန်မာ ပတ်စပို့စ် ဆိုတာ ဘယ်နိုင်ငံသွားသွား ဘယ်တော့မှမျက်နှာမရတဲ့ ပတ်စပို့စ် ပါ ။ အာဆီယံ အဖွဲ့ ဝင်နိုင်ငံ အချင်းချင်းဆိုပြီး မြန်မာ အစိုးရကို ကာဆီးကာဆီး လုပ် ပေး
နေတဲ့ စင်ကာပူ
တို့  ၊ မလေးရှား တို့  မြန်မာ ပတ်စပို့စ် ကိုင်လာတဲ့သူဆို " ပိုက်ဆံ  ဘယ်လောက်ပါလာလဲ " ဆိုတဲ့မေးခွန်း မျိုးအရင်ဆီးမေးတာ ပါ ။ အဲဒါ ကျနော် အသည်းအနာ ဆုံး
ကိစ္စ ဗျ ။ ကျနော်တို့ ယဉ်ကျေးမှု မှာ လူတစ်ယောက် ကို ပိုက်ဆံဘယ်လောက်ပါလာလဲ မေးတာ တော်တော်ရိုင်းစိုင်း တဲ့ အမူအကျင့် ပါ ။ ဒါပေမယ့် အဲဒီ မေးခွန်းကို သူတို့  လူကို သူခိုးကြမ်းပိုး
 ကိုကြည့်တဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး မေးတာ ။ ယူအက်စ် ပတ်စပို့စ် ကိုင်လာတဲ့ သူကို အဲဒီ မေးခွန်းမျိုး မေးမလား ဆိုတာ ကျနော် အသိချင်ဆုံး ကိစ္စ တွေထဲ မှာ တစ်ခု ပါ ပါတယ် ။ 

အဲဒီ ကိစ္စ နဲ့ပတ်သက်ပြီးတော့ မန်းဘောလုံး နာမည်နဲ့ ဘောလုံးဆောင်းပါးတွေ ရေးတဲ့ Eleven ဂျာနယ် အယ်ဒီတာချုပ် ဒေါက်တာမြင့်သိန်း သူ့ဘောလုံးဆောင်းပါး တစ်ခုထဲမှာ
 မဆီမဆိုင် ထည့်ရေးဖူးပါတယ် ။ တိုင်းပြည် အခြေအနေ နဲ့ အားကစား အဆင့်အတန်း နိမ့်ပါး နေလို့ ထိုင်း၊ စင်ကာပူ နှင့် မလေးရှား တို့ က နှိမ့်ချ ဆက်ဆံကြတာ ကို
 ခံပြင်း လွန်းအားကြီး လို့ သူ စင်ကာပူ ကိုသွားတုန်း က လူဝင်မှုကြီးကြပ်ရေး ဂိတ် မှာကြုံခဲ့ရတာကို ပြန်ပြောပြတာပါ ။ ဂိတ်မှာ တန်းစီ နေကြတဲ့သူ တွေထဲမှာ သူ့ရှေ့က
 မြန်မာ လူငယ်တစ်ယောက် နဲ့ သူနဲ့ ကိုပဲ ကွက်ပြီးတော့ ပိုက်ဆံဘယ်လောက် ပါလာ လဲလို့ မေးတယ်တဲ့ ။
  နောက် ကျနော့် သူငယ်ချင်းတစ်ယောက်က လည်း  ထိုင်ဝမ် ကို အလုပ်ကိစ္စ နဲ့ ခဏခဏ သွားရတဲ့ သူ့သူငယ်ချင်း တစ်ယောက်အကြောင်းပြောပြဖူးတယ် ။ အခု ဆိုရင်
 သူ ထိုင်ဝမ် ကို ဝင်ထွက် နေတာ ဆယ်ခေါက်ကျော်နေပြီတဲ့ ။ ဒါပေမဲ့ အခုထိ သူ့ကိုဘယ်တော့မှ ရှောရှောရှူရှူ ပေးမဝင်ဘူး ၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာနားမှာ
 တစ်နာရီ ၊ တစ်နာရီခွဲ ရပ်စောင့်ခိုင်းထားပြီး သူ့ ပတ်စပို့စ်  ကို ဟိုလိုစစ် ဒီလိုစစ် အမြဲလုပ် နေတုန်း တဲ့ ။ အဲဒါ မြန်မာ ပတ်စပို့စ် ဖြစ်နေလို့ ဆိုတဲ့ အကြောင်းပြချက်
တစ်ခု ထဲနဲ့ လုပ်တာ ။
အဲဒီ အကြောင်းတွေတွေးမိတိုင်း မြန်မာပြည် ကိုတိုးတက်ဝပြောတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ် စေချင်တဲ့စိတ်တွေ တားမရဆီးမရ ဖြစ်ရတယ် ။
 ကျနော် တို့ တိုင်းပြည် ဆင်းရဲတဲ့ အကြောင်း ပြော ရင်း ဘေးထွက်ခံစားချက်တွေပါ လျှောက်ရေးမိလို့ အမျိုးသားပြန်လည်သင့်မြတ်ရေး
 ကိုမရောက်နိုင်ဘူးဖြစ်နေတယ်ဗျာ ။ အဲဒီ အကြောင်း နောက် ပို့စ် မှာ ကျယ်ကျယ်ပြန့်ပြန့် ရေးပါ့ မယ် ။ ရှေ့ ပို့စ် နဲ့ နောက် ပို့စ် နဲ့
အရမ်း လှမ်းနေမှာစိုးလို့ ဒီလောက်နဲ့ပဲ နားပါ့မယ် ။


 ချစ်သောညီအကိုမောင်နှမများအားလုံး ကျန်းမာရွှင်လန်းကြပါစေ


   ဝါခေါင်

Saturday, November 20, 2010

စကားဝိုင်းအဖွင့် မိတ်ဆက်

ပြည်တွင်းပြည်ပ မှ ချစ်သော ညီအကို မောင်နှမ အပေါင်းတို့ ခင်ဗျား ၊
   မနေ့ တနေ့ က (ကို)ဖိုးဇီဝ ဆိုတဲ့သူ က မိုးမခ http://moemaka.com/index.php?option=com_content&task=view&id=7678&Itemid=1 ကိုရေးပို့ထားတဲ့စာကို ဖတ်ရလို့ ဒီ လူငယ်စကားဝိုင်း ကို အစမ်း စ လုပ်ကြည့်တာပါ ။ ကိုဖိုးဇီဝ ရဲ့စာထဲမှာ အဆိုပြုထားတာက ပြည်တွင်းပြည်ပက လူငယ်တွေ  ဆွေးနွေး၊ ငြင်းခုန်၊ ချိတ်ဆက် နိုင်မည့်  နေရာတနေရာ သတ်သတ်မှတ်မှတ် ရှိနေရင် ပြောစရာရှိတဲ့အခါ လွယ်လင့်တကူပြောလို့လည်းရမယ်၊လုပ်ကိုင်ဆောင်ရွက်စရာတခုခုရှိရင်သတင်းပေးရတာလည်း လွယ်မယ်ပေါ့ ။ အဲဒီ လိုနေရာမျိုးကို သူကလိုချင်တာ ။ အဓိက က ပြည်တွင်း က လူငယ် တွေ ရဲ့ အသံ ကို သူက ကြား ချင်တာ။ပြည်တွင်းမှာ ဘာဖြစ်နေမှန်း မသိပဲနဲ့ အပြင်မှာ ကျွန်တော်တို့ ပြောချင်တာတွေ ပြောပြီး  ငပွကြီး ဖြစ်နေကြတာ ကြာပြီဗျ ။ ပြီးတော့ ကိုဖိုးဇီဝ က သူများ ဘလော့ဂ် တွေမှာ ကွန်းမန့် ဝင်ရေးတဲ့ ပုံစံ မျိုး မဟုတ်ပဲ
ခေါင်းစဉ် တခု  အောက်မှာ ဝိုင်းပြီး ဆွေးနွေး ငြင်းခုန် ညှိနှိုင်း ကြတဲ့ ဖိုရမ် ပုံစံ မျိုးကို လိုချင်ပုံ ပေါ်တယ်။
   အဲဒါ ကျွန်တော် ကိုယ်တိုင် က နည်းပညာ လည်း မကျွမ်းကျင် ၊ ဘလော့ဂ် တွေဘာတွေ လည်း မလုပ်ဖူးတော့ ဒေါက်တာလွဏ်းဆွေ
ဆီကို အီးမေးလ် နဲ့  " ဆရာလွဏ်း  ကိုဖိုးဇီဝ ပြောတဲ့ဟာ မျိုးလုပ်နိုင်ရင် ကောင်းမယ် "  လို့ လှမ်းပြောတာ သူ့ဆီက ဘာမှအကြောင်း
ပြန်တာ မတွေ့ ရ ၊ သူ့ ဘလော့ဂ် ပေါ်မှာလည်း အဲဒီ အကြောင်း တစွန်းတစ ဖော်ပြထားတာ မတွေ့ရ တော့ ဒီကိစ္စ ကို သူစိတ်မဝင်
စား လို့ ဖြစ်မယ် လို့ ယူဆရတဲ့ အတွက် ဒီဟာ လေးကိုပဲ ကျွန်တော် လုပ်တတ်သလောက်လေး လုပ်ထားတာပါ ။ဘလော့ဂ် အပြင်အဆင်
က အစ ဒါ့ထက် ကောင်းအောင် လုပ်ပေးနိုင်မည့် ညီအကိုမောင်နှမ တစ်ယောက်ယောက် ကို လည်းမျှော်နေပါတယ်ခင်ဗျ ။
 ခေါင်းစဉ်တခုအောက်မှာ ဆွေးနွေး ကြမယ် ဆိုလို့ ဘာခေါင်းစဉ်လဲ လို့မေးစရာရှိပါတယ် ။ လောလောဆယ်တော့ ဘာခေါင်းစဉ်ရယ်လို့
မရှိသေးပါဘူး ။ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ မြန်မာပြည် ဖြစ်လာဖို့ အရေး ကြိုက်သလို ဆွေးနွေး ငြင်းခုန်လို့ ရပါတယ်ခင်ဗျ ။  ကျွန်တော်စဉ်းစားမိတာလေးတွေ တချို့ ရှိပေမယ့် အခုနေ တစ်ခါတည်း ထည့်ရေးလိုက်ရင် မိတ်ဆက် ဆိုတဲ့ ခေါင်းစဉ်နဲ့ မလိုက်ပဲ အရှည်ကြီး လိုက်ဖတ်နေရမှာစိုးလို့ ။ နောက်တစ်ရက်နှစ်ရက် အတွင်း
သီးသန့် ပို့စ် တစ်ခု အနေနဲ့ တင်ပါ့မယ် ခင်ဗျ ။  ပြီးတော့
 ကိုဖိုးဇီဝ က လူငယ်တွေရဲ့ မြန်မာပြည် အပေါ်မှာ ရှိတဲ့ခံစားချက်တွေကို အန်တီစု နှင့် တကွ အန်အယ်လ်ဒီ ကလူကြီး လူငယ်တွေကိုလည်း
ဖတ်စေချင်ပါတယ်တဲ့ ။ ကျွန်တော့် တကိုယ်စာပြောရရင် ဗိုလ်ချုပ်မှူးကြီးနှင့် တကွ ဗိုလ်ချုပ်ကြီးတွေ ၊ ဗိုလ်ချုပ်ကလေးတွေ ကိုပါဖတ်စေချင်
တာခင်ဗျ ။ အဲဒီ လိုလူငယ်တွေ ရေးတာတွေကို လူကြီး တွေ ကိုဖတ်စေချင်ရင် ကျွန်တော် တို့ ဆဲတဲ့ဆိုတဲ့ အလေ့အထ ကို လျှော့ကြမှ ဖြစ်မယ်။
ကျွန်တော်တို့ မိုးမွှန် အောင်ဆဲခဲ့ကြ ပြီးပြီ ပဲဗျာ ၊ အခုတော့ နည်းနည်းလျှော့ကြတာပေါ့ ။ သဘောတူတယ် မဟုတ်လား ။ သဘော မတူလို့
ဆဲချင်ပါသေးတယ် ဆိုရင် ကျွန်တော့် ကိုဆဲကြပါ ။ တခြားလူတွေ ကို ဆဲထားတာတွေပါရင် ပြည်တွင်းက ညီအကိုမောင်နှမ တွေ ဝင်ဖတ် ဝင်ရေး
လို့ မရတော့မှာ စိုးလို့ ပါ ခင်ဗျ ။
  အခုလောလောဆယ်တော့ ဒီပို့စ် အောက်မှာရှိတဲ့ ကွန်းမန့်ဘောက်စ် ထဲမှာပဲ ဝင်ရေးကြပါ ဦး ။ နောက်ပိုင်းကျရင် ချက်ချင်းရေး ချက်ချင်းမြင်ရတဲ့
ဟာမျိုး ဖြစ်အောင် လုပ်နိုင်ဖို့ ကြိုးစားပါ့မယ် ။ အခုအတိုင်း အဆင်ပြေကြတယ်ဆို ရင်လည်း ဒီအတိုင်း ဆက်သွားကြတာပေါ့ ။
   နောက်အရေးကြီးတာ တစ်ခုက ဒီဟာကို မြန်မာပြည် တိုးတက်ပြောင်းလဲရေး အတွက် ဦးတည်ပြီး လုပ်တာဖြစ်တဲ့ အတွက် ဘာသာရေးနဲ့ ပတ်သက်တဲ့
 စော်ကားမော်ကား အသုံးအနှုန်း တွေပါတဲ့ ဟာတွေမရေးဖို့ အနူးအညွန့်တောင်းပန်ပါတယ် ခင်ဗျား ။တကယ်လို့ ပါလာခဲ့ရင် အဲဒါမျိုးတွေကို စိတ်မကောင်း
ချင်းကြီးစွာနဲ့ ဖျက်ပြစ်ရပါလိမ့်မယ် ။
တကယ်လို့ ကွန်းမန့်ဘောက်စ် ထဲမှာ မရေးချင်ဘူး ပို့စ် တစ်ခု အနေနဲ့ပဲ တင် ပေးစေချင်တယ် ဆိုရင်လည်း ကျွန်တော့် အီးမေးလ် warkhaun@gmail.com  ကိုပို့ လို့ရပါတယ် ။
ဘာသာရေးနဲ့ ပတ်သက်တဲ့  sensitive  ဖြစ်တဲ့ ဟာတွေ မပါဘူးဆိုရင် တစ်လုံးတစ်လေ မှ ဖြတ်တောက် ဖြည့်စွက် တာမလုပ်ပဲ မူရင်း အတိုင်း တင်ပေးပါ့မယ် ခင်ဗျ။
 လူငယ်စကားဝိုင်း ဆိုပြီး လူငယ်တွေကို အသားပေးထား ပေမယ့် လည်း အသက် အရွယ် မရွေး ၊ လူမျိုးမရွေး ၊ ဘာသာမရွေး ၊အရပ်ဒေသမရွေး ဘယ်သူမဆို ဝင်ဆွေးနွေး လို့
ရပါတယ် ။ အမေရိကား ကဖြစ်ဖြစ်၊ ရုရှား ကဖြစ်ဖြစ်၊ မြဝတီ-မဲဆောက် ကဖြစ်ဖြစ်၊ ကြည့်မြင်တိုင် ကဖြစ်ဖြစ်၊ နေပြည်တော် ကဖြစ်ဖြစ် ၊ ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင်
 ရှမ်း ဖြစ်ချင်ရာဖြစ် ဖြစ်ဖြစ်၊ စစ်သားဖြစ်ဖြစ်၊ စစ်ဗိုလ်ဖြစ်ဖြစ်၊ ကျောင်းအုပ်ဆရာကြီးဖြစ်ဖြစ်၊ ဆိုက်ကားသမားဖြစ်ဖြစ်၊ ကျောင်းသားဖြစ်ဖြစ်၊ ဂေါပက ဖြစ်ဖြစ်၊ ပဲပြုတ်သည် ဖြစ်ဖြစ်၊
 အဆိုတော်ဖြစ်ဖြစ် ၊ အငြိမ့်မင်းသမီး ဖြစ်ဖြစ် ဘယ်သူ မဆိုဝင်ရေး နိုင်ပါတယ်။ ပြန်ဆွေးနွေးတဲ့ သူမရှိရင် ကျွန်တော်တစ်ယောက်တည်း ဒိုင်ခံ ပြန်ဆွေးနွေးပါ့မယ် ။

  ချစ်သောညီအကိုမောင်နှမအားလုံး ကျန်းမာ ရွှင်လန်းကြပါစေ ခင်ဗျား ။

      လေးစားစွာဖြင့်
                  ဝါခေါင်